အေစီမီလန်နောက်ခံလူဂျီမင်နက်ဇ်ကို အပြီးသတ်ခေါ်ယူဖို့ဆုံးဖြတ်လိုက်တဲ့ ဘုန်းမောက်
ဘုန်းမောက်အသင်းက လက်ရှိ အငှားဖြင့်လာရောက်ကစားနေတဲ့ အေစီမီလန်နောက်ခံလူအဲလက်စ်ဂျီမင်နက်ဇ်ကို အပြီးသတ်ခေါ်ယူဖို့ အတော်လေးနီးစပ်နေပါတယ်။Sky Italia သတင်းဌာန၊ နာမည်ကျော်သတင်းထောက်ဒီမာဇီယိုရဲ့အဆိုအရ ပြီးခဲ့တဲ့စနေနေ့၊ အက်စတွန်ဗီလာနဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်ကို ဂျီမင်နက်ဇ်ပါဝင်ကစားခဲ့ပြီးနောက် အငှားစာချုပ်မှာပါဝင်တဲ့ အပြီးသတ်ဝယ်ယူခွင့်အပိုဒ်ကို ဘုန်းမောက်အသင်း အသက်သွင်းလိုက်တယ်လို့ သိရပါတယ်။
စပိန်လူငယ်ကစားသမားကို အပြီးသတ်ခေါ်ယူဖို့အတွက် ဘုန်းမောက်က အေစီမီလန်ဆီ ကနဦးပြောင်းရွှေ့ကြေး ယူရို ၁၉ သန်းအပြင် စွမ်းဆောင်ရည်အပေါ်မူတည်တဲ့ အပိုဆုကြေး ယူရို ၅ သန်းအထိ ထပ်မံပေးချေသွားရပါလိမ့်မယ်။
ဂျီမင်းနက်ဇ်က ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အင်္ဂလန်မြေဆီ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ပါဝင်ကစားပေးထားကာ တစ်ဂိုးသွင်းယူပေးထားပါတယ်။
အသက် ၂၀ အရွယ်ရှိစပိန်နောက်ခံလူက ရီးရဲလ်မက်ဒရစ်လူငယ်အကယ်ဒမီမှပေါ်ထွက်လာတဲ့ လူငယ် မျိုးဆက်သစ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။