အမေရိကန်တိုက်စစ်မှူး ရီကာဒို ပီပီကို ခေါ်ယူဖို့ ဖူလ်ဟမ်နဲ့ ပီအက်စ်ဗွီတို့ ဆွေးနွေးမှုတွေ ပြန်လည်စတင်
ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းဟာ ပီအက်စ်ဗွီ အိုင်န်ဟိုဗင်အသင်းရဲ့ အမေရိကန်တိုက်စစ်မှူး ရီကာဒို ပီပီကို ခေါ်ယူဖို့အတွက် အလေးအနက် စိတ်ဝင်စားနေဆဲဖြစ်ပြီး ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ပြန်လည်ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်ပိုင်းအတွင်းမှာ အမေရိကန်လက်ရွေးစင် တိုက်စစ်မှူး ပီပီကို ခေါ်ယူဖို့ ဖူလ်ဟမ်အသင်းက ကြိုးပမ်းခဲ့ပေမဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် အပြောင်းအရွှေ့က ပျက်ပြားသွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကော့တေဂျာတို့လို့ လူသိများတဲ့ ဖူလ်ဟမ်အသင်းဟာ ပီပီကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းဆီ အရောက်ခေါ်နိုင်ဖို့အတွက် အခုအခါမှာတော့ ဆွေးနွေးမှုတွေကို တစ်ကျော့ပြန် စတင်လိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဖူလ်ဟမ်အသင်းဘက်က တိုက်စစ်မှူး ပီပီအတွက် ယူရို ၃၅ သန်းအထိ ငွေသားနဲ့ ကမ်းလှမ်းခဲ့ချိန်မှာ ပီအက်စ်ဗွီအသင်းဘက်ကလည်း ရောင်းချဖို့ သဘောတူညီခဲ့တာပါ။
ဒါပေမဲ့ အဲဒီအချိန်မှာ ပီပီရဲ့နေရာမှာ အစားထိုးဖို့အတွက် သင့်တော်တဲ့ ကစားသမားသစ် ရှာဖွေဖို့ အချိန်မလုံလောက်တော့တဲ့အတွက် ပီအက်စ်ဗွီအသင်းဘက်က အပြောင်းအရွှေ့ကို မဖြစ်မနေ ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒတ်ခ်ျထိပ်သီးကလပ် ပီအက်စ်ဗွီအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ စီးပွားရေးအရ ဆက်လက်ပူးပေါင်းဖို့ လမ်းဖွင့်ထားဆဲဖြစ်ပြီး ပီပီရဲ့ အနာဂတ်အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုတွေ ပြန်လည်အသက်ဝင်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။