ဖရိုင်းဘတ်မှာ ဆက်ရှိနေဖို့ ကပ္ပတိန်ဂွန်တာ စာချုပ်သက်တမ်းတိုး
ဘွန်ဒက်စ်လီဂါကလပ်ဖရိုင်းဘတ်အသင်းဟာ သူတို့ရဲ့သစ္စာရှိကပ္ပတိန်ဂွန်တာနဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း တရားဝင်အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ်အသင်းခေါင်းဆောင်ဂွန်တာဟာ အသင်းနဲ့အတူ ဆက်လက်ရှိနေဖို့ သဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကလပ်အသင်းဘက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ စာချုပ်သစ်ရဲ့ သက်တမ်းဟာ ဘယ်လောက်အထိ ကြာမြင့်မှာလဲဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ကလပ်အသင်းဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
ခရစ်ရှန် ဂွန်တာဟာ ဖရိုင်းဘတ်အသင်းအတွက် စုစုပေါင်း ၄၅၃ ပွဲအထိ ပါဝင်ကစားပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားပေးထားတဲ့ ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။
အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ကလီမန်း ဟာတန်ဘတ်ရှ်က ဂွန်တာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ချီးကျူးစကားဆိုခဲ့ပါတယ်။
"ခရစ်ရှန်ရဲ့ အရည်အသွေးတွေအကြောင်းကို အရင်ကလည်း အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ အခုလည်း သူဟာ ဘယ်နေရာမှာမှ လျော့ပါးသွားတာမျိုး မရှိဘဲ ခြေစွမ်းကောင်းတွေ ပြသနေဆဲပါပဲ။ သူနဲ့ ဆက်လက်လက်တွဲခွင့်ရတဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ ဝမ်းသာမိပါတယ်" လို့ ဟာတန်ဘတ်ရှ်က ပြောကြားခဲ့ပါတယ်။
အလားတူ ဂွန်တာကလည်း "ကျွန်တော်ကိုယ်တိုင် အောင်မြင်မှုတွေကို ဆာလောင်နေဆဲပါ။ ဖရိုင်းဘတ်အတွက် ကစားပေးရတာထက် ပိုကောင်းတဲ့အရာ မရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "အခုရာသီမှာ ကျွန်တော်တို့အသင်း အောင်မြင်မှုတွေ ရရှိနေသလို ရှေ့ဆက်ပြီးတော့လည်း ဒီအတိုင်းပဲ ကြိုးစားသွားပါမယ်။ လာမယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း အသင့်ရှိနေပါပြီ" လို့ အားမာန်အပြည့်ဖွင့်ဟခဲ့ပါတယ်။