အယ်လ်နာဆာနဲ့ အဆင်မပြေဖြစ်နေပေမယ့် လေ့ကျင့်ရေးအစီအစဉ်တွေကိုတော့ ပုံမှန်အတိုင်းပြုလုပ်နေတဲ့ ရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိမှာ အယ်လ်နာဆာအသင်းအပေါ် စိတ်ပျက်မှုတွေရှိနေပြီး ဆန္ဒပြတဲ့အနေနဲ့ ပွဲစဉ်အချို့ကို လွဲချော်နေပေမဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကိုတော့ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအနေနဲ့ ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းလိုမျိုး ငွေကြေးထောက်ပံ့မှု အားမကောင်းတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် ဆော်ဒီမြေက သူ့ရဲ့ အနာဂတ်ကို ပြန်လည် စဉ်းစားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က အယ်လ်ရီယတ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ပေါ်တူဂီ အိုင်ကွန်ကြီးကို မတွေ့ခဲ့ရပါဘူး။ သူ့ရဲ့ စာချုပ်ထဲမှာ ပေါင် ၄၃ သန်းတန် လျော်ကြေးစာချုပ် ပါဝင်နေပေမဲ့လည်း အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာပါ။
ပေါ်တူဂီ သတင်းဌာနတစ်ခုဖြစ်တဲ့ ရီကော့ဒ်ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ လက်ရှိမှာ ရီယတ်မြို့မှာပဲ ရှိနေပြီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ တစ်ရက်မှ ပျက်ကွက်ခြင်း မရှိဘဲ လေ့ကျင့်ခန်း ဆင်းနေတယ်လို့ သိရပါတယ်။
အယ်လ်နာဆာအသင်းဟာ လာမယ့် သောကြာနေ့မှာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ရော်နယ်ဒိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေပေမဲ့လည်း သူ့ရဲ့ ဆန္ဒပြမှုတွေက ရက်သတ္တပတ် အနည်းငယ်အထိ ကြာမြင့်နိုင်တာကြောင့် အဆိုပါပွဲစဉ်မှာ ပါဝင်ကစားဖို့ မရှိဘူးလို့ ယူဆရပါတယ်။
ဆော်ဒီပရိုလိဂ် ဇယားထိပ်ဆုံးမှာတော့ အယ်လ်ဟီလယ်အသင်းက အယ်လ်နာဆာအသင်းကို တစ်မှတ်အသာနဲ့ ဦးဆောင်နေတာပါ။ အကယ်လို့ ဒီတစ်ပတ်မှာလည်း ရော်နယ်ဒို ပါဝင်မလာဘူးဆိုရင် အမှတ်ကွာဟချက်က ပိုမို များပြားသွားနိုင်ပါတယ်။
လာမယ့် ကြာသပတ္တဟူးနေ့မှာ အသက် ၄၁ နှစ် ပြည့်တော့မယ့် ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ တစ်နှစ်ကို လစာ ပေါင် ၁၇၇ သန်းအထိ ရရှိနေပြီး ဘောလုံးသမိုင်းတစ်လျှောက် လစာအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာ့လစာအများဆုံး အားကစားသမားတစ်ဦး ဖြစ်နေလျက်နဲ့ အသင်းကို ငွေကြေးပိုမို သုံးစွဲဖို့ တောင်းဆိုနေတာဟာ ဝေဖန်စရာ ဖြစ်နေတယ်လို့ အချို့က ထောက်ပြနေကြပါတယ်။ မိမိကိုယ်တိုင်က အသင်းရဲ့ ဘဏ္ဍာငွေ အများအပြားကို လစာအဖြစ် ရယူနေချိန်မှာ အသင်းကို အသုံးစရိတ် ထပ်တိုးဖို့ ပြောဆိုနေတာဟာ မသင့်တော်ဘူးလို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။