ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာရဲ့ ပွဲစဉ်အချို့ကို လွဲချော်သွားမယ့် ရာဖင်ဟာ
ယခုဖေဖော်ဝါရီလဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါနဲ့ ကိုပါဒီရေးပြိုင်ပွဲတွေမှာ အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ ကာလတစ်ခု ဖြစ်ပြီး နည်းပြ ဟန်စီဖလစ်အနေနဲ့ အသင်းရဲ့ အဓိက ကစားသမားအားလုံးကို အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့ အယ်ချီနဲ့ပွဲစဉ်အပြီးမှာ အသင်းခေါင်းဆောင် ရာဖင်ဟာရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါမှာတော့ ဘာစီလိုနာအသင်းက ရာဖင်ဟာရဲ့ ဒဏ်ရာအခြေအနေကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ကစားသမားဟာ ညာဘက်ပေါင်အတွင်းကြွက်သား ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာဘက်က ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဘရာဇီးလ်တောင်ပံကစားသမားကို အယ်လ်ဘာစီတီနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါဒယ်ရေး ပွဲစဉ်မှာ ချန်လှပ်သွားမှာဖြစ်ပြီး ပြန်လည်သက်သာလာဖို့ တစ်ပတ်ခန့် ကြာမြင့်နိုင်တယ်လို့သိရပါတယ်။
ဒီဒဏ်ရာကြောင့် ရာဖင်ဟာအနေနဲ့ ကိုပါဒယ်ရေးပွဲစဉ်ကို လွဲချော်မယ့်အပြင် အိမ်ကွင်းနူးကမ့်မှာ ကစားရမယ့် မာယော့ကာနဲ့ လာလီဂါပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက်လည်း မရေမရာ ဖြစ်နေတယ်လို့ သိရပါတယ်။ ရာဖင်ဟာဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် အခုလို ဒဏ်ရာရရှိမှုဟာ ဘာစီလိုနာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
သို့သော်လည်း ဘာစီလိုနာအသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားအများအပြား ရှိနေတာကြောင့် နည်းပြ ဟန်စီဖလစ်အနေနဲ့ လက်ရှိရှိနေတဲ့ လူအင်အားကို အသုံးပြုပြီး အနိုင်ရလဒ်တွေ ဆက်လက်ဖော်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အသင်းရဲ့ အဓိကကြယ်ပွင့် မပါဝင်နိုင်ပေမဲ့လည်း ဘာစီလိုနာအနေနဲ့ အသင်းငယ်တွေကို အသာစီးနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားသွားနိုင်မလား စောင့်ကြည့်ရပါမယ်။