ဘရာဇီးကို ပြန်သွားတဲ့ အက်စ်တီဗာအိုအပေါ် ဖိအားပေးမှာမဟုတ်ကြောင်း ပြောကြားလာတဲ့ ရိုစီနီယာ
ချဲလ်ဆီးနည်းပြ ရိုစီနီယာက လက်ရှိမှာ ကိုယ်ရေးကိုယ်တာ အခက်အခဲအချို့ကြောင့် အသင်းနဲ့ ခေတ္တခွဲခွာနေရတဲ့ လူငယ်ကြယ်ပွင့် အက်စ်တီဗာအိုနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဘရာဇီးကြယ်ပွင့်ဟာ ချဲလ်ဆီးအသင်းအတွက် အထူးခြေစွမ်းပြနေသူ ဖြစ်ပေမဲ့ လက်ရှိမှာတော့ အရေးကြီးကိစ္စရပ်တစ်ခုကြောင့် ဘရာဇီးနိုင်ငံကို ခေတ္တပြန်သွားခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် ယနေ့ညကစားမယ့် အာဆင်နယ်နဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ဖို့များနေတာဖြစ်ပါတယ်။
အက်စ်တီဗာအိုရဲ့နေရာမှာ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂျေမီဂစ်တန်စ်က အစားထိုးဝင်ရောက် ကစားသွားမှာဖြစ်ပြီး ပရိသတ်တွေကတော့ အက်စ်တီဗာအိုအနေနဲ့ အခက်အခဲကြီးကြီးမားမား ကြုံတွေ့နေရမှာကို စိုးရိမ်နေကြပါတယ်။
အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရိုစီနီယာက အက်စ်တီဗာအို ပြန်လာဖို့အတွက် ဘယ်လိုဖိအားမျိုးမှ ပေးမှာမဟုတ်ဘဲ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ဖို့ အချိန်အလုံအလောက် ပေးသွားမယ်လို့ ဆိုပါတယ်။
ရိုစီနီယာက "ကျွန်တော်လည်း အတိအကျ မသိသေးပါဘူး။ သူက အသင်းကို ရောက်လာကတည်းက အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ အခုတော့ သူက ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့် ခက်ခဲတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေရပြီး အရေးကြီးကိစ္စအတွက် ခွင့်ယူထားရပါတယ်။
သူ့အပေါ် ပြန်လာဖို့ ဘယ်လိုဖိအားမှ မပေးပါဘူး။ သူ အရာအားလုံး အဆင်ပြေသွားဖို့က ပထမပါ။ အသင်းအတွက် ပြန်ကစားပေးဖို့ဆိုရင် သူကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေတဲ့ အခြေအနေမျိုး ရှိဖို့ လိုအပ်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်စ်တီဗာအိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။