The network connection is lost.

Banner Image

ယူနိုက်တက်လူငယ်ကြယ်ပွင့်တွေမှာ စည်းကမ်းပိုင်းဆိုင်ရာပြဿနာဖြစ်နေတယ်လို့ ထောက်ပြလိုက်တဲ့ နာနီ

မန်ချက်စတာယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့ဖူးတဲ့ တောင်ပံကစားသမားဟောင်း လူးဝစ်နာနီက လက်ရှိအသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားတွေမှာ စည်းကမ်းပိုင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်နေကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။
မကြာသေးမီရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်ရဲ့လူငယ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီအားမက်စ်နဲ့ ချီဒိုအိုဘီတို့ဟာ နည်းပြရူဘင်အာမိုရင်က ဆိုရှယ်မီဒီယာမှတစ်ဆင့် သရော်တဲ့စာတွေဝေမျှခဲ့ကြတာနဲ့ပတ်သက်ပြီး နာနီက ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်သာဆိုရင် ဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်‌ဟောင်းက "ဒီလိုလုပ်ဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်တာပါ။ လုံးဝအခွင့်အရေးမရှိပါဘူး။ အရင်တုန်းကဆိုရင် ကစားသမားတစ်ယောက် စည်းကမ်းဖောက်ဖျက်ရင် နည်းပြက သူ့ကိုပွဲထွက်ကစားခွင့်မပေးဘဲ ဘေးဖယ်ထားလိုက်တာပါပဲ။ အဲဒီလိုလုပ်လိုက်ရင် ကစားသမားကလည်း ချက်ချင်းပဲသင်ခန်းစာရသွားတတ်ပါတယ်။ အကျင့်စာရိတ္တပိုင်း ဒါမှမဟုတ် အပြုအမူပိုင်းမှာ ပြဿနာရှိနေရင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြီးမှ အသင်းအတွက်ပြန်ကစားခွင့်ရတာပါ"
"ကစားသမားတွေက ဒီစည်းမျဉ်းတွေကို လိုက်နာရပါမယ်။ စည်းကမ်းတွေကို ချိုးဖောက်လို့မရပါဘူး။ ကျွန်တော်တို့တုန်းကဆိုရင် စည်းမျဉ်းစည်းကမ်းတွေက အသင်းရဲ့သော့ချက်ပါပဲ။ ဘယ်ကစားသမားကမှ ကလပ်ရဲ့အထက်မှာမရှိရပါဘူး။ ရော်နယ်ဒိုလည်းမရဘူး။ ရွန်းနီလည်းမရဘူး။ ဂစ်တို့ပေါလ်စခိုးလ်တို့လည်း မရပါဘူး။ အပြုအမူမကောင်းရင် လူတိုင်းအပြစ်ပေးခံရပါတယ်"
"ကျွန်တော် ယူနိုက်တက်ကိုစရောက်တဲ့ ပထမဆုံးအပတ်မှာပဲ စည်းကမ်းမလိုက်နာလို့ အပြစ်ပေးခံခဲ့ရပါတယ်။ တစ်ပွဲမှာ အရမ်းကောင်းအောင်ကစားပြနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းရက်သတ္တပတ်တော်တော်များများ ပွဲကစားခွင့်မရခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော်ရော်နယ်ဒိုကိုတောင် "ငါဘာလို့ ပွဲကစားခွင့်မရတာလဲမသိဘူး" ဆိုတာပြီး သွားညည်းပြမိပါသေးတယ်"
"တကယ်လို့ ကျွန်တော့်ရဲ့နောက်ကွယ်က အပြုအမူတစ်ခုခုကို သူတို့ပြုပြင်စေချင်ခဲ့တာပါ။ ကျွန်တော်သိသွားတော့ ကြိုးစားပြီးပြုပြင်ခဲ့ပါတယ်။ အခုကစားသမားတွေလည်း ဒီလိုစည်းကမ်းမျိုးရှိဖို့ လိုနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။