နယူးကာဆယ် ကာရာဘောင်ဖလား ထပ်မံဆွတ်ခူးပါက အမှတ်ပေးဇယားအောက်ခြေမှာ အဆုံးသတ်ရလည်း ကျေနပ်တယ်ဆိုတဲ့ အလန်ရှီးယား
နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက အသင်းအနေနဲ့ ဒီရာသီမှာ ကာရာဘောင်ဖလားကို ထပ်မံဆွတ်ခူးနိုင်ပါက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အောက်ခြေမှာရပ်တည်ခဲ့ရရင်တောင် ဝမ်းသာအားရလက်ခံမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ရာသီက ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ လီဗာပူးကို ၂-၁ နဲ့အနိုင်ယူပြီး ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၅၄-၅၅ ဘောလုံးရာသီက အက်ဖ်အေဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ အတွင်း နယူးကာဆယ်ရဲ့ ပထမဆုံးသော ပြည်တွင်းအဓိက ဆုဖလားလည်းဖြစ်ပါတယ်။
နယူးကာဆယ်အနေနဲ့ နော်တင်ဟမ်ဖောရက်စ်၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ လီဗာပူးတို့လိုအသင်းကြီးတွေကိုကျော်ဖြတ်ပြီး ကာရာဘောင်ဖလားကိုဆွတ်ခူးနိုင်ခဲ့တာကြောင့် ဆုဖလားအောင်ပွဲနဲ့ဝေးကွာနေခဲ့ကြတဲ့ ပရိသတ်အများစုအတွက်တော့ တကယ့်ကိုတန်ဖိုးရှိတဲ့ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ရှီယားက ယခုရာသီမှာ နယူးကာဆယ်အနေနဲ့ ဥရောပဝင်ခွင့်နဲ့လွဲချော်ခဲ့ရင်တောင် ကာရာဘောင်ဖလားကို ထပ်မံဆွတ်ခူးနိုင်မယ်ဆိုပါက သူ့အတွက်ကျေနပ်စရာဖြစ်စေမယ်လို့ ဝန်ခံပြောကြားလာခဲ့တာဖြစ်ပါတယ်။
ရှီးယားက "ချဲလ်ဆီးက ဒီပွဲမှာသရေရဖို့အတွက် အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ မှန်ကန်တဲ့လူစားလဲမှုတွေအတွက် နည်းပြမာရက်စ်ကာကို ချီးကျူးရမှာပါ။ ဒါပေမယ့် နယူးကာဆယ်ဘက်ကကြည့်ရင်တော့ ပြီးခဲ့တဲ့ရာသီက သိပ်မတွေ့ခဲ့ရတဲ့ အမှားသေးသေးလေးတွေကို ဒီရာသီမှာ ဆက်တိုက်လုပ်နေပြီး ပြိုင်ဘက်ကို အခွင့်အရေးပေးသလိုဖြစ်နေပါတယ်"
"ဒီရာသီမှာနယူးကာဆယ်က ကာရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်အထိရောက်နေသလို၊ ချန်ပီယံလိဂ်မှာလည်း အတော်လေးအခြေအနေကောင်းနေပါတယ်။ ပရီးမီးယားလိဂ်မှာပဲ အဆင့် ၁၀ အတွင်းဝင်နိုင်ဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် တစ်ခုတော့ရှိပါတယ်။ တကယ်လို့ သူတို့သာ ကာရာဘောင်ဖလားကို နောက်ထပ်တစ်ကြိမ်ဆွတ်ခူးနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ အောက်နဲ့ရာသီသိမ်းခဲ့ရင်တောင် ကျွန်တော်ဝမ်းသာအားရလက်ခံမှာပါ" လို့ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ဥရောပဝင်ခွင့်အတွက် ငွေကြေးအမြောက်အမြားသုံးစွဲထားခဲ့တာကြောင့် ယခုလို ရှီးယားရဲ့ ဆုဖလားရဖို့အဓိကဆိုတဲ့ ပြောဆိုမှုက ကလပ်ရဲ့မူလရည်မှန်းချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် ပရိသတ်တွေအတွက်တော့ အံ့အားသင့်စရာတော့ဖြစ်စေခဲ့ပါတယ်။