
ယူနိုက်တက်ကစားသမားဖြစ်ပါက ဝေဖန်မှုတွေကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူးလို့ ဒါလော့ဝန်ခံ
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့က ယူနိုက်တက်လိုအသင်းအတွက် ကစားပေးနေတဲ့ ကစားသမားမှန်သမျှ ဝေဖန်မှုတွေနဲ့ ကြုံတွေ့သွားမှာဖြစ်ပြီး ရှောင်လွှဲလို့ရနိုင်မှာမဟုတ်ဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၈ နှစ်ကြာကစားခဲ့ပြီဖြစ်တာကြောင့် သူ့အနေနဲ့ ယူနိုက်တက်အကြောင်းကို ကောင်းကောင်းသိနေပြီး အသင်းရဲ့ကစားသမားတွေဟာ အချိန်မရွေးဝေဖန်ခံရနိုင်ကြောင်း အသင်းဖော်တွေကို သတိပေးခဲ့တာဖြစ်ပါတယ်။
ရူဘင်အာမိုရင်ဦးဆောင်နေတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအဆင့်နဲ့ ရာသီကုန်ဆုံးရဖို့ အလားအလာများနေပြီး ဒါလော့က အသင်းအားဝေဖန်မှုတွေကို လက်ခံနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ယူနိုက်တက်ဟာ လိုင်ယွန်ကို အနိုင်ယူပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းထားပြီဖြစ်တာကြောင့် နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်လို့ရနေပါသေးတယ်။
အသက်-၂၆ နှစ်အရွယ်ကစားသမားက “ဝေဖန်မှုတွေက အသင်းအတွက်တွန်းအားဖြစ်နိုင်ပါတယ်။ ဒါတွေက ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဖလားပြိုင်ပွဲစုံမှာ ကစားနေရရင်တောင် ကျွန်တော်တို့ ဝေဖန်ခံနေရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက မန်ချက်စတာယူနိုက်တက်ဖြစ်နေလို့ပါပဲ။ ဒီအသင်းအတွက် ကစားပေးဖို့ဆုံးဖြတ်ထားရင် ဝေဖန်မှုတွေကို ကြိုတင်တွက်ဆထားဖို့လိုပါတယ်။ ဝေဖန်မှုတွေကို တွန်းအားအနေနဲ့ အသုံးချတတ်ဖို့လည်းလိုပါလိမ့်မယ်”
“လိုင်ယွန်ကိုအနိုင်ရခဲ့တာကလည်း ဝေဖန်မှုတွေကြောင့်ပါပဲ။ ဒီရာသီမှာ ရိုလာကိုစတာစီးနေရသလိုဖြစ်ခဲ့ပြီး စိတ်ဓာတ်ပိုင်းမှာလည်း အနိမ့်အမြင့်အတက်အကျတွေရှိခဲ့ပါတယ်။ လိုင်ယွန်ကို ကျော်ဖြတ်နိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ ဒီအတိုင်းပဲရှေ့ဆက်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ယူနိုက်တက်ဟာ စပိန်လာလီဂါကလပ် ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါအဆင့်ကို ကျော်လွန်နိုင်ခဲ့ရင်တော့ ဗိုလ်လုပွဲမှာ တော့တင်ဟမ် သို့မဟုတ် ဘိုဒိုဂလင့်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။