ထရိုဆက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ တောင်ပံကစားသမား ထရိုဆက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စကားပြောဆိုနေတယ်လို့ သိရပါတယ်။အသက် ၂၉ နှစ်သားဟာ ဘရိုက်တန်ကနေပြောင်းလာပြီးကတည်းက အာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပြီး တာဝန်ရှိသူတွေဘက်က သူ့ကိုဂုဏ်ပြုပေးချင်နေပါတယ်။
ထရိုဆက်ဟာ အာဆင်နယ်အသင်းထံ ၄ နှစ်စာချုပ်နဲ့ပြောင်းလာတာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၉ သောင်းရရှိနေပါတယ်။
အခုစာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လ်ဂျီယံသားအနေနဲ့ တစ်ပတ်လုပ်ခပေါင် ၁ သိန်းအထက်ရရှိဖွယ်ရှိနေပါတယ်။
အာဆင်နယ်စတားကို ဆော်ဒီကလပ် အယ်လ်-အီတီဟက်အသင်းက ယူရို ၃၅ သန်းနဲ့ နွေရာသီတုန်းက ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်ဘက်က မရောင်းချခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ကိုပြောင်းလာပြီးကတည်းက ထရိုဆက်ဟာ ၈၃ ပွဲပါဝင်ကစားပေးထားပြီး ၂၀ ဂိုးသွင်း ၊ ၁၃ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။
အဆိုပါစံချိန်ဟာ ယခင်ဘရိုက်တန်မှာ ၁၂၁ ပွဲကစားပြီး ၂၅ ဂိုးသွင်း ၊ ၁၄ ဂိုးဖန်တီးနိုင်တဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ထရိုဆက်ရဲ့စွယ်စုံရတဲ့အနေအထားက အာတီတာအတွက် အဆင်ပြေစေတာဖြစ်ပြီး အသင်းဘက်ကတော့ မကြာခင်မှာ ၂ ဦးသဘောတူညီမှုရယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ကစားသမားဘက်က ပွဲဦးထွက်ပါဝင်ချင်နေပေမယ့် သူ့ရဲ့ထိရောက်မှုအပိုင်းက အရန်ခုံကနေလူစားဝင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အဆိုပါအနေအထားကနေ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အခုရာသီသစ်မှာလည်း မာတီနယ်လီကိုကျော်ဖြတ်ပြီး ပွဲထွက်ခွင့်တစ်နေရာကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။