The network connection is lost.

Banner Image

အံ့မခန်းနိုင်ပွဲအပြီး လီဗာပူးအသင်းရဲ့စံချိန်များရှင်မိုဆာလက်ကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ အန်းစလော့

တော့တင်ဟမ်ကို ၆-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အံ့မခန်းပွဲစဉ်အပြီး လီဗာပူးနည်းပြအန်းစလော့က စံချိန်သစ်တွေ ထပ်ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးမိုဆာလက်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် ဒီယက်ဇ်နဲ့ မိုဆာလက်တို့က နှစ်ဂိုးစီ၊ မက်အယ်လစ္စတာနဲ့ ဆိုဘိုဆလိုင်းတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ လေးမှတ်ဖြတ်ဦးဆောင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် မိုဆာလက်က အခုဘောလုံးရာသီမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့လို့  ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုအတွင်း သွင်းဂိုး ၁၀ ဂိုးထက်မနည်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်ထက်မနည်းတဲ့ စွမ်းဆောင်ရည်ကို ခြောက်ရာသီမြောက်စွမ်းဆောင်ပြနိုင်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

အလားတူ အခုပွဲစဉ်က မိုဆာလက်အတွက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုမှာ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်တဲ့ ခုနစ်ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။ ဒါကလည်း ဘောလုံးရာသီတစ်ခုအတွင်း အခုလိုစွမ်းဆောင်ရည်မျိုးပြသနိုင်တဲ့မှတ်တမ်းရဲ့ ပူးတွဲအကောင်းဆုံးနေရာမှာ ရှိနေပြန်ပါတယ်။

အီဂျစ်သားက အခုအချိန်မှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုပြိုင်ပွဲနဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းတွေကို ထိပ်ဆုံးမှ ဦးဆောင်နေလို့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အန်းစလော့ရဲ့ချီးကျူးမှုကို နောက်တစ်ကြိမ် ထပ်မံရရှိခဲ့ပါတယ်။

အန်းစလော့က “လီဗာပူးအသင်းအတွက် ကစားပေးခဲ့တဲ့နှစ်တိုင်းမှာ မိုဆာလက်က သူကိုယ်တိုင် ဂိုးတွေ အများကြီးသွင်းယူနိုင်တယ်ဆိုတာကို  အမြဲတမ်းပြသနေခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တောင် အခုအချိန်က သူပုံမှန်ပြုလုပ်နေခဲ့တာထက် ပိုမိုသာလွန်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီနေ့မှာ ကျွန်တော်တို့တွေ ပေးဂိုးသုံးဂိုး ခွင့်ပြုခဲ့ရလို့ သူရဲ့သွင်းဂိုးတွေ လိုအပ်နေခဲ့ပါတယ်။ ဒါကြောင့် အခုလိုပုံစံအတိုင်းပဲ မိုဆာလက်ဆက်လက်စွမ်းဆောင်သွားနိုင်ဖို့ မျှော်လင့်ကြတာပေါ့။ တဖက်မှာလည်း အခုလို လုပ်ဆောင်နိုင်မှုက သူ့ရဲ့အရည်အသွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အခွင့်အရေးရပြီဆိုတာနဲ့ ဂိုးသွင်းယူနိုင်လို့ပါ။

ဒါပေမယ့် ကျွန်တော်ကတော့ မိုဆာလက်အတွက် အခွင့်အရေးကောင်းတွေ အမြဲတမ်းဖန်တီးပေးနိုင်တဲ့ အသင်းဖော်တွေကိုလည်း အသိအမှတ်ပြုသွားချင်ပါတယ်။ ဒီလိုအခြေအနေကြောင့်သာ မိုဆာလက်က နှစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် သူရရှိခဲ့တဲ့အခွင့်အရေးတိုင်းမှတဆင့် အခုထက်ပိုပြီး ဂိုးတွေ ပိုသွင်းယူနိုင်သင့်တယ်လို့လည်း မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါကလည်း အခုအချိန်မှာ ကျွန်တော်က တောင်းဆိုမှုများပြားနေတာမျိုး ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။