
စက်တင်ဘာလတွင် နူးကမ့်မှာ ပြန်ကစားနိုင်ဖွယ်ရှိနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ ကွင်းတည်ဆောက်ရေး လုပ်ငန်းများ တိုးတက်လာမှုကြောင့် စက်တင်ဘာလ ဒုတိယရက်သတ္တပတ်တွင် ကန့်သတ်ထားတဲ့ ပရိသတ်အရေအတွက်ဖြင့် နူးကမ့်တွင် ပြန်ကစားနိုင်ဖို့အတွက် စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့လက ဘာစီလိုနာမြို့တော်ကောင်စီက ယခုသီတင်းပတ်အတွင်း နူးကမ့်တွင် ပရိသတ် ၃၀,၀၀၀ ဆံ့နိုင်စေရန် ကလပ်သို့ ပထမအကြိမ် နေထိုင်ခွင့်လိုင်စင် ထုတ်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။ သို့သော်လည်း Sport ရဲ့ ဖော်ပြချက်အရ ယခုအခါ လုပ်ငန်းများ ကောင်းမွန်စွာ တိုးတက်နေပြီဖြစ်ပြီး ကာတာလိုနီးယားအသင်းဟာ လာလီဂါ တွင် ဗလင်စီယာနှင့် ကစားမည့်ပွဲအတွက် စက်တင်ဘာလ ဒုတိယရက်သတ္တပတ်တွင် ကွင်းသို့ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။ ထိုပွဲစဉ်ကို ပရိသတ် ၃၀,၀၀၀ သို့မဟုတ် အများဆုံး ၄၅,၀၀၀ ရှေ့တွင် ကစားနိုင်ကြောင်း အဆိုပါ သတင်းက ဖော်ပြထားပါတယ်။
နူးကမ့်ကို ၂ နှစ်ကြာ ပြန်လည်တည်ဆောက်နေခဲ့ရတာကြောင့် ဘာစီလိုနာအသင်းဟာ အိမ်ကွင်းပွဲစဉ်များကို အက်စ်တာတီ အိုလံပစ် ဒီ မွန်ဂျူရစ်တွင် ကစားခဲ့ရပါတယ်။သို့သော်လည်း ဇူလိုင်လအစောပိုင်းတွင် လုပ်ငန်းဆောင်ရွက်မှုနှင့် ဆောက်လုပ်ရေးလိုင်စင် ရရှိပြီးနောက် ကလပ်ဟာ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကိုမို နှင့် ကစားမည့် ဂျိုအမ်ဂမ်ဘာ ဖလားပွဲအတွက် မီးစိမ်းပြမယ်လို့ မျှော်လင့်ခဲ့သော်လည်း လိုအပ်သော လိုင်စင်ကို မထုတ်ပေးခဲ့တာကြောင့် ပွဲစဉ်ကို ပရိသတ် ၆,၀၀၀ သာ ဆံ့သော အက်စ်တာဒီဂျိုအန်ခရပ်သို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ယခုအခါ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာနေတာကြောင့် တောင်ဘက်ပွဲကြည့်စင်ကို အချိန်မီ အပြီးသတ်နိုင်ပြီး စက်တင်ဘာလအစောပိုင်းတွင် ပထမအကြိမ် နေထိုင်ခွင့်လိုင်စင် ရရှိပါက ဗလင်စီယာနှင့်ပွဲတွင် ဘာစီလိုနာပရိသတ်များ အထင်ကရ အားကစားကွင်းသို့ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။
ကွင်းဘေးရှိ ပွဲကြည့်စင်တစ်ခုကို ဩဂုတ်လနှောင်းပိုင်းတွင် ပြန်လည်မွမ်းမံပြီးစီးရန် မျှော်လင့်ထားပြီး ထိုနေရာက ပရိသတ်ဆံ့ဝင်မှုအား ၄၅,၀၀၀ အထိ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ Gol Nord ပွဲကြည့်စင်ကိုလည်း စက်တင်ဘာလနှောင်းပိုင်းတွင် ပြန်လည်မွမ်းမံပြီးစီးရန် မျှော်လင့်ထားပြီး ထိုနေရာက ဘာစီလိုနာကို အောက်တိုဘာလတွင် ပရိသတ် ၆၀,၀၀၀ အတွက် ပထမအကြိမ် နေထိုင်ခွင့်လိုင်စင် ရရှိစေရန် ကူညီပေးမှာ ဖြစ်ပါတယ်။အဆိုပါ လိုင်စင်ကို ထုတ်ပေးရန် လပေါင်းများစွာ ကြာမြင့်နိုင်သော်လည်း မြို့တော်ကောင်စီက ဘာစီလိုနာရဲ့ အခြေအနေကို ထူးခြားသော အခြေအနေအဖြစ် သတ်မှတ်ထားပါတယ်။
ဘာစီလိုနာဟာ မကြာမီ လာလီဂါနှင့် ယူအီးအက်ဖ်အေ ကိုယ်စားလှယ်များရဲ့ လာရောက်စစ်ဆေးမှုကို မျှော်လင့်ထားသော်လည်း နူးကမ့်သို့ ပြန်လာခြင်းဟာ မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေပါတယ်။