The network connection is lost.

Banner Image

အသင်းရဲ့အကယ်ဒမီကြယ်ပွင့်ဟောင်း အိန်ဂျယ်ဂိုမက်စ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ အကယ်ဒမီကြယ်ပွင့်ဟောင်း အိန်ဂျယ်ဂိုမက်စ်ကို အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ 

လက်ရှိအချိန်မှာ အသက်-၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ခံစစ်ကစားသမားဟာ ၂၀၁၇ ခုနှစ်က ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပါဝင်ကစားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ၄ ယောက်မြောက် အသက်ငယ်ဆုံး ကစားခွင့်ရခဲ့တဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်ထားခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ကစားသမားဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ၃ နှစ်အတွင်း စုစုပေါင်း ၁၀ ပွဲသာပါဝင်ကစားခွင့်ရခဲ့တာကြောင့် ၂၀၂၀ နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်သားဟာ ပြင်သစ်ကလပ် လိုင်လီသို့ ၅ နှစ်စာချုပ်နဲ့ ထွက်ခွာခဲ့ပြီး ယခုအခါမှာတော့ လီဂူးဝမ်းမှာ ခြေစွမ်းပြသနေတာကြောင့် ယခုရာသီအစောပိုင်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ယခုအခါမှာတော့ ယူနိုက်တက်ဟာ ဂိုမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လာမယ့် ၂၀၂၅ နွေရာသီမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်ရှိယူနိုက်တက်နည်းပြသစ် ရူဘင်အာမိုရင်ကလည်း ဂိုမက်စ်ကို ကာလရှည်စိတ်ဝင်စားနေခဲ့သူဖြစ်ပြီး၊ ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာတွေဖြစ်တဲ့ ဒန်အက်ရှ်ဝေါ့သ်နဲ့ ဂျေဆန်ဝယ်လ်ကော့ဇ်တို့ကလည်း ကစားသမားကို စောင့်ကြည့်နေခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းမှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရတဲ့ ကတ်စ်မဲရိုးနေရာမှာ ဂိုမက်စ်နဲ့ အစားထိုးလိုနေတာပါတယ်။ 

လန်ဒန်ကလပ်တွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ကလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ကစားသမားကတော့ ယူနိုက်တက်နဲ့ ပြန်လည်ချိတ်ဆက်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ပတ်သက်ပြီး ဂိုမက်စ်က “ယူနိုက်တက်မှာ ကျွန်တော်စိတ်ကူးယဉ်ခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ တကယ်လို့ ကျွန်တော့်ကို ပြန်ခေါ်မယ်ဆိုရင်တော့ ငြင်းဆန်ဖို့ ခက်ခဲမှာပါပဲ။ အဲဒီကိုပြန်သွားဖို့ စိတ်ကူးယဉ်ဖူးလားဆိုတော့ သေချာတာပေါ့။ ယူနိုက်တက်က ကျွန်တော့်အတွက် အိမ်လိုပါပဲ ” လို့ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ 

ဂိုမက်စ် လီကာစလေဦးဆောင်တဲ့ အင်္ဂလန်ယူ-၂၁ အသင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ် ယူ-၂၁ ယူရိုဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမားဟာ လိုင်လီအတွက် ၁၂၉ ပွဲပါဝင်ကစားထားပြီး ၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိပြုလုပ်ပေးထားနိုင်ပါတယ်။

 ပြီးခဲ့တဲ့ နိုင်ငံတာပွဲစဉ်တွေအတွင်းမှာလည်း ဂိုမက်စ်ဟာ အိုင်ယာလန်ကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ 

လာမယ့် တနင်္ဂနွေနေ့မှာတော့ လိုင်လီဟာ လီဂူးဝမ်းပွဲစဉ်အဖြစ် ရန်းနက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂိုမက်စ်အနေနဲ့ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။