The network connection is lost.

Banner Image

ဘရိုက်တန်နောက်ခံလူ အက်စ်တူပီနန်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်ဟာ

မန်ချက်စတာယူနိုက်တက်ဟာ ဘရိုက်တန်ဘယ်နောက်ခံလူ ပါဗစ်အက်စ်တူပီနန်ကိုစိတ်ဝင်စားနေပြီး ယခုအခါမှာတော့ ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ နာမည်ကျော်ဂျာနယ်လစ် Ben Jacobs ရဲ့အဆိုအရ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့ဘယ်နောက်ခံနေရာကို အင်အားဖြည့်တင်းဖို့အတွက် ကစားသမားအများအပြားကို ပစ်မှတ်ထားနေတယ်လို့သိရပြီး ယခုအခါမှာ အက်စ်တူပီနန်ကိုခေါ်ယူဖို့ မျက်စိကျလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ လောလောဆယ်မှာတော့ အက်စ်တူပီနန်ကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးပေမယ့် ဘရိုက်တန်ဘက်ကတော့ အီကွေဒေါလက်ရွေးစင်ကို ရောင်းချဖို့ပြင်ဆင်ထားတယ်လို့ သတင်းတွေကဆိုပါတယ်။ 

ယူနိုက်တက်နည်းပြချုပ် ရူဘင်အာမိုရင်ဟာ ပြီးခဲ့တဲ့ရာသီက လက်ချီဘယ်နောက်ခံလူ ပက်ထရစ်ဒေါ်ဂူကို ခေါ်ယူထားခဲ့သလို၊ အသင်းရဲ့နောက်ခံလူ လုခ်ရှောကလည်းကျန်ရှိနေသေးပေမယ့် ဘယ်နောက်ခံနေရာကို ထပ်မံအင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့အတူ ၃ ရာသီကြာကစားခဲ့တဲ့ အက်စ်တူပီနန်ဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရင့်ကစားသမားတစ်ယောက်ဖြစ်တယ်လို့ အာမိုရင်ဘက်က ရှုမြင်ထားတာဖြစ်ပါတယ်။ 

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ ဝုဗ်တိုက်စစ်ကစားသမား မားသီးယက်စ်ကွန်ဟာတစ်ယောက်တည်းကိုသာ ခေါ်ယူထားနိုင်သေးတာကြောင့် နောက်ထပ်ကစားသမားသစ်ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ဘန်အမ်ဘွေမိုအတွက် သဘောတူညီမှုရရှိဖို့နီးစပ်နေပြီး ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့သိရပါတယ်။ 

ကစားသမားသစ်ခေါ်ယူမှုတွေပြုလုပ်ဖို့ကြိုးစားနေတဲ့ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကစားသမားတွေကိုလည်း ရောင်းချနိုင်ဖို့ကြိုးစားသွားရမှာဖြစ်ပြီး လောလောဆယ်အသင်းရဲ့အရောင်းစာရင်းထဲမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဂျေဒန်ဆန်ချို၊ တိုင်ရဲလ်မာလာစီယာနဲ့ အလီဂျန်ဒရိုဂါနာချို့တို့ရောက်ရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ အဆိုပါကစားသမား ၅ ဦးစလုံးကိုရောင်းချနိုင်ဖို့ ပရီးမီးယားလိဂ်ရာသီမစတင်မီ အချိန် ၁ လကျော်သာကျန်ရှိတော့တာလည်းဖြစ်ပါတယ်။