The network connection is lost.

Banner Image

လှပတဲ့သွင်းဂိုးဖြစ်လာစေမယ့် နောက်ကွယ်အကြောင်းရင်းကို ဖွင့်ဟရှင်းပြလာတဲ့ ဗီအဲရာ

ဒီနေ့မနက်ပိုင်း၊ ဘုန်းမောက်နဲ့ရင်ဆိုင်ရတဲ့ ရာသီကြိုအဖွင့်ခြေစမ်းပွဲစဉ်မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို လှလှပပသွင်းယူပေးခဲ့တဲ့ ဗီအဲရာက အခုလိုမျိုးသွင်းယူနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ သူနဲ့ အသင်းဖော်တွေ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ခဲ့ရတယ်လို့ ရှင်းပြလိုက်ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြို့ပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ နယ်လ်ဆင်ရဲ့ဖြတ်တင်ဘောပေးပို့မှုမှတဆင့် ပေါ်တူဂီကွင်းလယ်လူက မြေမကျကန်ချက်နဲ့အတူ ဦးဆောင်ဂိုးကို လှလှပပသွင်းယူခဲ့ပါတယ်။   နောက်ပိုင်းမှာတော့ ဗီအဲရာက ပွဲစဉ်တွေမှာ သူ့ရဲ့သွင်းဂိုးတွေမြင်တွေ့ရရေးအတွက် လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း အပြင်းအထန်လေ့ကျင့်မှုတွေ လုပ်ဆောင်ပြီးနောက် လက်တွေ့အကျိုးကျေးဇူးရှိလာမှုအပေါ် ကျေနပ်မိတယ်လို့ ဆိုလာပါတယ်။

ပွဲစဉ်အပြီး ဗီအဲရာက “ ဒါက လေ့ကျင့်ရေးကွင်းမှာ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့တွေ လေ့ကျင့်နေတဲ့အရာ ဖြစ်ပါတယ်။ ဂိုးဧရိယာထဲမှာ ဒီလိုအနေအထားမျိုးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ အဆုံးသတ်သွင်းဂိုးတစ်ဂိုးဖြစ်လာဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အာဆင်နယ်အတွက် အခုလိုမျိုးဂိုးသွင်းယူနိုင်လို့ ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော့်ရဲ့ခံစားချက်တွေ အရမ်းကောင်းနေပါတယ်။ အမှန်ပါပဲ၊ ဒါက ဘောလုံးရာသီတစ်ခုရဲ့ကနဦးအစပိုင်း ဖြစ်ပါတယ်။ လူတိုင်းလည်း အသင်းနဲ့အံဝင်ပြီး အကောင်းဆုံးတွေလုပ်ပြနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားနေပါတယ်။ ဒီအသင်းမှာရှိနေရလို့ အရမ်းပျော်ရွှင်မိပြီး တက်နိုင်သမျှ အသင်းကို ကူညီပေးနိုင်ဖို့ ကျွန်တော်တို့တွေ အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

ဗီအဲရာက အသက်-၂၄ နှစ်အရွယ်သာ ရှိသေးပေမယ့် ဘုန်းမောက်နဲ့ပွဲစဉ်မှာတော့ အာတီတာရဲ့အသင်းအတွက် အသက်အကြီးဆုံးပွဲထွက်ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ရပြီး ပုံမှန်ကစားနေကျမဟုတ်တဲ့နေရာမှာ ကစားခဲ့ရပါတယ်။  ဒါပေမယ့် ရရှိလာတဲ့ ပွဲကစားချိန်မိနစ်တွေမှာ အကယ်ဒမီကစားသမားအများစုနဲ့အတူ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တဲ့ ဗီအဲရာက အခုလိုခြေစမ်းပွဲစဉ်ခရီးစဉ်အတွေ့အကြုံတွေဟာ လာမယ့်မျိုးဆက်သစ်ကစားသမားတွေ အတွက် အကျိုးကျေးဇူးရှိနိုင်တယ်ဆိုတာကို ပြသခဲ့တယ်လို့ ယုံကြည်နေပါတယ်။

သူက “ကောင်လေးတွေအတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒီကလေးတွေ ကစားသွားတဲ့ပုံစံက အရမ်းကောင်းပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ၊ လူတိုင်းက အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားနေကြပါတယ်။ သူတို့နဲ့အတူ ဒီနေရာမှာရှိနေပြီး အသင်းကို ကူညီပေးနေရလို့ ကျွန်တော်တို့ အရမ်းပျော်ရွှင်မိပါတယ်။ ရှေ့ဆက်ကြရအောင်”လို့ ဆက်ပြောခဲ့ပါတယ်။