လိုကွန်ဂါကို အငှားဖြင့်ခေါ်ယူဖို့ အာဆင်နယ်နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ ဆီဗီလာ
ပရီးမီးယားလိဂ်ထိပ်သီးအာဆင်နယ်က အဲလ်ဘတ်ဆမ်ဘီလိုကွန်ဂါကို ဆီဗီလာဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ထွက်ခွာခွင့်ပေးဖို့ သဘောတူလိုက်ပါတယ်။
၂၀၂၁ ခုနှစ်၊ အန်ဒါလက်ချ်အသင်းမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းဖြင့် ရောက်ရှိလာတဲ့ လိုကွန်ဂါက အမ်းမရိတ်စ်ပွဲဦးထွက်ဘောလုံးရာသီမှာ ၂၄ ပွဲအထိ ပါဝင်ကစားပြီး တောက်ပတဲ့ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက်-၂၄ နှစ်အရွယ် ကစားသမားက အာတီတာရဲ့လက်အောက်မှာ ပုံမှန်ပွဲကစားခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပြီး လွန်ခဲ့တဲ့ ၁၈ လတာကာလအတွင်း ခရစ္စတယ်ပဲလေ့စ်နဲ့ လူတန်တောင်းတို့မှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရပါတယ်။ လူတန်တောင်းမှာတော့ လိုကွန်ဂါ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှ လူတန်တောင်းတန်းဆင်းခဲ့ရပေမယ့် အသင်းကွင်းလယ်ပိုင်းမှာ ရော့စ်ဘာကလေနဲ့အတူ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းတွေကြောင့် လိုကွန်ဂါဆီ ချီးကျူးမှုတွေ ကျယ်ကျယ်ပြန်ပြန့်ရောက်ရှိလာပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ဂျော်ဂျင်ဟို၊ ပါတေး၊ ဒီကလန်ရိုက်စ်နဲ့ အိုဒီဂတ်တို့ ရှိနေမှုနဲ့အတူ လိုကွန်ဂါကို တတိယအကြိမ်မြောက် အငှားချထားဖို့ လိုလားနေခဲ့ပါတယ်။
နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အာဆင်နယ်နဲ့ ဆီဗီလာတို့အကြား လိုကွန်ဂါအတွက် သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့ပြီး ဒီသဘောတူညီမှုအရ လာမယ့်ရာသီအတွက် ကွင်းလယ်လူရဲ့လုပ်ခလစာကို လာလီဂါကလပ်အသင်းဘက်က ပေးချေသွားရမယ်လို့ သိရပါတယ်။
လိုကွန်ဂါရဲ့ဆေးစစ်မှုအတွက် နေ့စွဲတစ်ခု သတ်မှတ်ထားပြီး ဆီဗီလာအနေဖြင့် လာမယ့်ဘောလုံးရာသီမှာ ဘယ်လ်ဂျီယံကစားသမားကို ယူရို ၁၂ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်လည်း ရရှိထားပါတယ်။ အာဆင်နယ်က လိုကွန်ဂါအတွက် ဖြစ်နိုင်ချေရှိတဲ့ သဘောတူညီမှုတိုင်းမှာ မဖြစ်မနေအပြီးသတ်ဝယ်ယူဖို့ဆိုတဲ့အချက်ကို ထည့်သွင်းရန် ကနဦးမှာ တောင်းဆိုခဲ့ပေမယ့် ဆီဗီလာကတော့ မြောက်လန်ဒန်ဘီလူးကြီးရဲ့တောင်းဆိုချက်တွေကို ပြေလျော့သွားစေဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အခုနွေရာသီ၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်းမှ ထွက်ခွာလာတဲ့ လိုကွန်ဂါက အာဆင်နယ်နဲ့ စာချုပ်သက်တမ်း နှစ်နှစ် ကျန်ရှိနေပါသေးတယ်။ အန်ဒါလက်ချ်စတားက ဂန်းနားတွေအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ပါဝင်ကစားပေးထားပြီး သွင်းဂိုးတော့ မရရှိသေးပါဘူး။
သူက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လူတန်တောင်းအတွက် တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့မေလအတွင်း BBC သတင်းဌာနနဲ့တွေ့ဆုံချိန် လိုကွန်ဂါက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမစတင်ခင် အာဆင်နယ်မှ ထွက်ခွာရဖွယ်ရှိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
သူက “ကျွန်တော် အာဆင်နယ် အသင်းနဲ့အတူ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး အဆုံးသတ်ရလဒ်ကတော့ အသင်းမှထွက်ခွာခြင်းဟာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာပါပဲ။ ဒါကြောင့် အခုအချိန်မှာ တစုံတရာကိုရှာဖွေဖို့အတွက် ကလပ်အသင်းနဲ့ ကျွန်တော်ရဲ့အေးဂျင့်အပေါ်မှာပဲ မူတည်နေပါတယ်။ ကျွန်တော့်မှာ အသင်းနဲ့ စာချုပ်သက်တမ်းရှိနေပါသေးတယ်။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။