The network connection is lost.

Banner Image

ဘောလုံးသမိုင်းတစ်လျှောက် အနီကတ်အများဆုံးအပြခံထားရတဲ့ ကစားသမား ၅ ဦး

အနီကတ်ဆိုတာ ဘောလုံးသမားတိုင်းကြုံတွေ့ရနိုင်တဲ့အရာတစ်ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘောလုံးသမားတစ်ယောက်ဖြစ်လာပြီဆိုရင်တော့ အနီကတ်ပြသခံရပြီး ကွင်းထဲကအထုတ်ခံရဖို့က မလွဲမသွေပါပဲ။ သို့သော်လည်း အနီကတ်နဲ့တွဲမြင်ရလောက်အောင်ထိ အနီကတ်တွေစုဆောင်းတတ်တဲ့ ကစားသမားတွေလည်းရှိနေပါတယ်။ ဒီ‌နေ့မှာတော့ ဘောလုံးသမိုင်းတစ်လျှောက် အနီကတ်အပြခံရဆုံး ကစားသမား ၅ ဦးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ပါပလိုမွန်တဲရိုး - ၂၁ ကတ်

မွန်တဲရိုးဟာ ၁၉၉၀ နဲ့ ၂၀၀၇ ခုနှစ်အတွင်း ၁၇ နှစ်ကြာ ကစားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင်ကစားသမားဟောင်းဖြစ်ပါတယ်။

အီတလီကလပ် အတ္တလန္တာနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ထူးချွန်ပေမယ့် ကြမ်းကြမ်းတမ်းတမ်းကစားတတ်တာကြောင့် အနီကတ်များနဲ့လုံးထွေးနေတတ်သူဖြစ်ပါတယ်။
သူ့ရဲ့ပြင်းထန်တဲ့ကစားဟန်ကြောင့် သတိပေးချက်စာအုပ်များမှာ မကြာခဏထည့်သွင်းခံရလေ့ရှိပြီး ဘောလုံးကစားသမားဘဝမှာ စုစုပေါင်း အနီကတ် ၂၁ ကတ်အထိပြသခံခဲ့ရပါတယ်။ ယခုချိန်အထိ စီးရီးအေသမိုင်းရဲ့ အနီကတ်အပြခံရဆုံးစံချိန်ကိုကိုင်ဆောင်ထားပြီး အီတလီမှာနေထိုင်စဉ်အတွင်း အနီကတ် ၁၆ ကတ်အထိစုဆောင်းနိုင်ခဲ့ပါတယ်။

အလက်ဇစ်ရူအာနို ဒယ်ဂါဒို - ၂၂ ကတ်

စပိန်လူမျိုး နောက်တန်းကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရှည်လျားတဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ကလပ်အသင်းပေါင်းများစွာမှာကျင်လည်ခဲ့ပါတယ်။

ဗဟိုခံစစ်နေရာမှာ ကစားပြီး ကစားသမားဘဝတစ်လျှောက် အနီကတ်များကို ဇာတိဖြစ်တဲ့စပိန်ကလပ်များ အပါအဝင် တူရကီနဲ့ ဆော်ဒီကလပ်များမှာသွားရောက်ကစားပြီး ၂၂ ကတ်အထိ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒယ်ဂါဒိုဟာ စပိန်ယူ- ၁၇၊ ၁၉၊ ၂၀၊ ၂၁ အသင်းတွေမှာကစားဖူးပေမယ့် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

စီရီရိုလ် - ၂၅ ကတ်

ပြင်သစ်လူမျိုးဖြစ်တဲ့ စီရီရိုလ်ဟာ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ အနီကတ် ၂၅ ကတ်နဲ့ အဝါကတ် ၁၈၇ ကတ်အထိပြသခံထားရပြီး ကြမ်းတမ်းတဲ့ကစားဟန်ကြောင့် နာမည်ဆိုးနဲ့ လူသိများထင်ရှားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၁၈ နှစ်ကြာဖြတ်သန်းခဲ့တဲ့ ကစားသမားဘဝမှာ အနီကတ် ၂၅ ကတ်အထိစုဆောင်းနိုင်ခဲ့တာကြောင့် အနီကတ်အပြခံရဆုံး ကစားသမားများ စာရင်းမှာနေရာတစ်နေရာရရှိထားသူဖြစ်ပါတယ်။
ကန်းနက်စ်အသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့ စီရီရိုလ်ဟာ လန်းစ်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၉၈-၉၉ ကူဒဲလားလီဂူး ဗိုလ်လုပွဲမှာ လန်းစ်အတွက်အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် စထရာဘော့၊ နိုက်စ်နဲ့ မာဆေးလ်အပါအဝင် အခြားပြင်သစ်ကလပ်များမှာ ကစားသမားဘဝဖြတ်သန်းခဲ့သူဖြစ်ပါတယ်။

ဆာဂျီယို ရာမို့စ် - ၂၈ ကတ်

စပိန်ဘောလုံးလောကရဲ့ လူဆိုးလေးဟာလည်း ဒိုင်လူကြီးတွေရဲ့သတိပေးစာအုပ်တွေနဲ့စိမ်းသူမဟုတ်ပါဘူး။ အောင်မြင်မှုအများကြီးရရှိထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ကစားသမားဘဝတစ်လျှောက် အံ့အားသင့်ဖွယ် ၂၈ ကြိမ်အထိအနီကတ်ပြထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားဘဝတစ်လျှောက်မှာတော့ လာလီဂါမှာ ၂၁ ကြိမ်၊ ချန်ပီယံလိဂ်မှာ ၄ ကြိမ်နဲ့ ကိုပါဒယ်ရေးမှာ ၁ ကြိမ် စုစုပေါင်း ၂၆ ကြိမ်အထိအနီကတ်ပြခံထားခဲ့ရပါတယ်။ ပြင်းထန်ပြီး ပြိုင်ဖက်ကိုဘယ်‌တော့မှမညှာတာတတ်တဲ့ ကစားဟန်ကြောင့် ပွဲတာဝန်ရှိသူတွေရဲ့စာအုပ်မှာ မကြာခဏဆိုသလို နေရာယူထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။

၂၀၂၁ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်မှ ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက်တတိမြောက်ပွဲစဉ်မှာပဲ ကစားသမားဘဝ ၂၇ ကြိမ်မြောက်အနီကတ်ကိုစုဆောင်းနိုင်ခဲ့ပါတယ်။ ၂၈ ကြိမ်မြောက်အနီကတ်ကိုတော့ ၂၀၂၂ ဩဂုတ်လမှာကစားခဲ့တဲ့ ရိန်းမ်စ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ရယူခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ရာမို့စ်ဟာ ၂၁ ရာစုမှာ နိုင်ငံအသင်းအတွက်အရွေးချယ်ခံရဆုံး ကစားသမားဖြစ်ပြီး စပိန်လက်‌ရွေးစင်အသင်းမှာတော့ တစ်ကြိမ်မှအနီကတ်ပြသခံထားရခြင်းမရှိခဲ့ပါဘူး။

ဂါရာဒို ဘီဒိုရာ - ၄၆ ကတ်

"တောကောင်ကြီး" လို့နာမည်ပြောင်ပေးခံရလောက်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်းကစားတတ်တဲ့ ကစားသမားက အနီကတ်အပြခံရဆုံးကစားသမားများစာရင်းမှာ ထိပ်ဆုံးရောက်နေတာတော့ အံ့ဩစရာမဟုတ်ပါဘူး။

ကိုလံဘီယာလက်ရွေးစင်ဟောင်းဟာ ကစားသမားဘဝဖြတ်သန်းခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အနီကတ် ၄၆ ကတ်အထိပြသခဲ့ရပါတယ်။ ဘီဒိုရာဟာ ကစားသမားဘဝကို အလယ်နဲ့တောင်အမေရိကအသင်းအမျိုးမျိုးမှာ စတင်ခဲ့ပြီး အာဂျင်တီးနားကလပ် ရေးဆင်းအက်ဖ်စီအတွက် ၃၅ နှစ်အတွင်း ပထမဆုံးအမှတ်ပေးဖလားကိုဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အခြားအာဂျင်တီးနားကလပ်တွေဖြစ်တဲ့ ဘိုကာဂျူနီယာနဲ့ ပူဘလာတို့မှာလည်းဆက်လက် ကျင်လည်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာကစားသမားဘဝမှအနားယူသွားခဲ့ပါတယ်။ အနားယူပြီးနောက် ဘီဒိုရာဟာ အသင်းဟောင်း အင်ဒီပန်ဒစ်တီဆန်တာဖီရဲ့ မန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့ပြီး ပွဲအများဆုံးကိုင်တွယ်တဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ရယ်စတာကောင်းတာတစ်ခုက နည်းပြအဖြစ်စတင်ဆောင်ရွက်ခဲ့ ပထမဆုံးပွဲဟာ သူ့အတွက်အလွန်တိုတောင်းခဲ့ပြီး ပွဲချိန် ၂၁ မှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် သူ့ရဲ့ကြမ်းတမ်းတဲ့ကစားပုံတွေကို သတင်းစာခေါင်းကြီးပိုင်းတွေမှာ တဖန်ဖော်ပြခံခဲ့ရပါတယ်။