The network connection is lost.

Banner Image

ဖိအားတွေနဲ့ နပန်းလုံးခဲ့ရတဲ့ အာဆင်နယ်ကို ပြောင်းလဲပေးခဲ့တဲ့ ကစားသမား ၅ ဦး

အာဆင်နယ် အသင်းကတော့ နိုင်ပွဲဆက်နေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဝက်ဖို့ဒ်အသင်းကို ကျဉ်းမြောင်းတဲ့ရလဒ်ဖြစ်တဲ့ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရာသီအစ ၃ ပွဲမှာ ၃ ပွဲစလုံးအရေးနိမ့်ခဲ့သလို ပေးဂိုးကလည်း ၉ ဂိုး ၊ ရဂိုးလည်းမရှိပဲ အာတီတာတစ်ယောက် ဖိအားတွေနဲ့ နပန်းလုံးခဲ့ရပါတယ်။

စပိန်သားဟာ အာဆင်နယ်အသင်းကိုဥရောပဝင်ခွင့်ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့သလို ရလဒ်တွေ ဆိုးဝါးလွန်းတာကြောင့် ရာထူးကနေ အထုတ်ခံရဖို့အထိ ဖိအားတွေများခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကို ၅ ဂိုးပြတ်အရေးနိမ့်ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂၀ ကနေ အဆင့် ၅ နေရာအထိ တက်ရောက်လာနိုင်ခဲ့ကာထိပ်ဆုံးနေရာက ချဲလ်ဆီး နဲ့  ၆ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

၂၄ မှတ်ကနေ ရမှတ် ၂၀ အထိ ရယူနိုင်ခဲ့သလို အာတီတာဟာ အာဆင်နယ်ကို လမ်းကြောင်းမှန်ပေါ်ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ဖိအားတွေနဲ့ နပန်းလုံးခဲ့ရတဲ့အာဆင်နယ်ကို ဆွဲတင်ပေးခဲ့တဲ့ ကစားသမား ၅ ဦးလည်းရှိနေပါတယ်။ တိုမီယာဆုကတော့ အဆိုပါ ၅ ဦးထဲက ၁ ဦးအပါအဝင်ဖြစ်ပါတယ်။

“ကျွန်တော့် တော့တင်ဟမ်ကိုပြောင်းဖို့ တော်တော်လေးနီးစပ်ခဲ့တာပါ။ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အာဆင်နယ်က ကမ်းလှမ်းလာချိန်မှာ ချက်ချင်းပဲခေါင်းညိမ့်ခဲ့ပါတယ်”လို့ တိုမီယာဆုက ပြောကြားခဲ့တာပါ။

ဂျပန်သားဟာ အာဆင်နယ်အသင်း လိုအပ်နေတဲ့ ညာနောက်ခံလူနေရာရဲ့ ကွက်လပ်ကိုဖြည့်တင်းနိုင်ယုံမက အာတီတာရဲ့မရှိမဖြစ် ကစားသမားအဖြစ်ခြေစွမ်းပြနေပါတယ်။ တိုမီယာဆုရောက်လာပြီးနောက်ပိုင်း အာဆင်နယ်ဟာ ၈ ပွဲမှာ ၄ ဂိုးသာပေးနိုင်ခဲ့ကာ အသင်းကချီးမြှင့်တဲ့ စက်တင်ဘာလရဲ့တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

နောက်ထပ်ကစားသမားတစ်ဦးကတော့ ဘင်ဝှိုက်ပါ။ နွေရာသီတုန်းက ဘရိုက်တန်ကနေ အာဆင်နယ်ကို ပေါင်သန်း ၅၀ နဲ့ပြောင်းလာခဲ့တာဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပထမဆုံးပါဝင်ကစားခဲ့ပါတယ်။ အဆိုပါရှုံးပွဲအပြီးမှာ ကာရေဂါနဲ့ ဂယ်ရီနဗီးလ်တို့က ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ၂ ပွဲလောက်လွဲချော်အပြီးမှာတော့ တန်ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးပြသခဲ့ပါတယ်။

နောက်တန်းမှာ ဂါဘရီရယ်နဲ့တွဲဖက်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနေကာ ဗဟိုခံစစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပါတယ်။ နောက်ထပ်ကစားသမားတစ်ဦးကတော့ ဂါဘရီရယ်ဖြစ်ကာ အာဆင်နယ်နောက်တန်းရဲ့ မရှိမဖြစ်ကစားသမားတစ်ဦးလို့ ဆိုနိုင်ပါတယ်။

ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းနောက်တန်းမှာ အဓိကခြေစွမ်းပြနေကာ ရက်ပေါင်း ၂၀၀ အထိ ရှုံးပွဲမရှိသေးတာဖြစ်သလို ဘင်ဝှိုက်နဲ့လည်း အတွဲညီနေတာဖြစ်ပါတယ်။ “သူက ပြောပြလို့မရနိုင်တဲ့ အနာဂတ်ရှိနေတဲ့ ကစားသမားပါ။ ပြီးတော့ ကျွန်တော်တို့အတွက်လည်း အရေးကြီးပါတယ်။ တစ်ဆင့်ချင်းတိုးတက်လာနေတာပါ။ ဘာသာစကားပိုင်းလည်းအဆင်ပြေလာပါပြီ။ အသင်းဖော်တွေ ၊ နည်းပြတွေနဲ့လည်း ချိတ်ဆက်လာနိုင်ပါပြီ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

နောက်ထပ်ကစားသမားတစ်ဦးကတော့ ရှက်ဖီးလ်ကနေ နွေရာသီတုန်းကနေ ပေါင် ၂၄ သန်းနဲ့ ပြောင်းလာပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာရွန်ရမ်စ်ဒေးလ်ဖြစ်ပါတယ်။ ဘုန်းမောက်အသင်း ၊ ရှက်ဖီးလ်အသင်းတို့နဲ့အတူ တန်းဆင်းဖူးခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေက ရမ်စ်ဒေးလ်ကို ခေါ်ယူလိုက်တဲ့ အာဆင်နယ်ရဲ့ လုပ်ရပ်ကိုဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် ရမ်စ်ဒေးလ်ဟာ အာဆင်နယ်ကိုရောက်လာပြီးနောက်ပိုင်း လက်စွမ်းကောင်းတွေနဲ့အတူ လီနိုရဲ့ပထမဂိုးသမားနေရာကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဂိုးပေါက်ကာကွယ်မှုအပြင် အင်္ဂလန်သားဟာ ဘောလုံးဖြန့်ဝေမှုအပိုင်းမှာလည်း ကောင်းလွန်းတာကြောင့် အာတီတာက ပွဲတိုင်းကိုအသုံးပြုခဲ့ကာ အခုတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းကိုဖိအားတွေအောက်ကနေလွတ်မြောက်အောင်လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အဓိကကစားသမားလို့ ဆိုနိုင်တာက စမစ်ရိုပဲဖြစ်ပါတယ်။ နွေရာသီတစ်လျှောက်လုံး အက်စ်တွန်ဗီလာ အသင်းက ချိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ စမစ်ရိုဟာ အာဆင်နယ်အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ကာ ကျောနံပါတ် ၁၀ ကိုပါ ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။

အင်္ဂလန်သားဟာ အာဆင်နယ်အတွက်နောက်ဆုံး ၆ ပွဲမှာ ၄ ဂိုးသွင်း၊  ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။