The network connection is lost.

Banner Image

အာတီတာက မိမိကိုခေါ်ယူဖို့ တွန်းအားပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်စတား

အာဆင်နယ်စတားအသစ် ဇူဘီမန်ဒီက အာတီတာက မိမိကိုခေါ်ယူဖို့ နောက်ကွယ်ကနေ တွန်းအားပေးလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းက ချိတ်ဆက်နေပေမယ့်လည်း အာဆင်နယ်က စပိန်သားကို အရခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လန်ဒန်မြေမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ဆီဘက်စတီယန်မှာမွေးဖွားခဲ့တဲ့ ဇူဘီမန်ဒီဟာ ၂၀၁၁ တုန်းက ဆိုစီဒက်လူငယ်အကယ်ဒမီထံ ရောက်လာခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ၂၀၁၉ မှာ စီနီယာကစားသမားဘဝပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး အဓိကကစားသမားဖြစ်လာခဲ့ကာ ၂၀၂၀ တုန်းက ဆိုစီဒက်နဲ့အတူ ကိုပါဒယ်ရေးဖလားအပါအဝင် ပွဲပေါင်း ၂၀၀ ကျော်ပါဝင်ကစားခဲ့ပါတယ်။ ၂၀၂၂ - ၂၃ ရာသီတုန်းက ဆိုစီဒက်အသင်း အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ရာမှာလည်း ဇူဘီက ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုနွေရာသီမှာ ဇူဘီမန်ဒီတစ်ယောက် ပေါင် ၅၆ သန်းနဲ့ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ခဲ့ပါတယ်။ အဲ့နောက် နော်တင်ဟမ်အသင်းနဲ့ပွဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက်ဂိုးကိုရယူနိုင်ခဲ့သလို စက်တင်ဘာလရဲ့ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

အခုချိန်မှာတော့ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေပါတယ်။ ဂါဒီးယန်းသတင်းဌာနနဲ့အင်တာဗျူးမှာ ဇူဘီမန်ဒီက ပရီးမီးယားလိဂ်ခရီးကြမ်း နဲ့ အာတီတာရဲ့အရည်အချင်းအပေါ် “စိတ်ပိုင်းဆိုင်ရာက လူကြီးတစ်ယောက်ဖြစ်လာစေပါတယ်။ ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရပါတာ်။ အဲ့တာက တိုက်ရိုက်ပိုဆန်ပါတယ်။ စပိန်မြေမှာက ခင်ဗျားဘောလုံးရချိန်မှာ ပိုထိန်းသိမ်းထားရပေမယ့် အင်္ဂလန်မြေမှာကတော့ ဘောလုံးရချိန်မှာ တိုက်စစ်ကို အလျင်အမြန်ပေးပို့ရပါတယ်။အပြောင်းအလဲတွေက လျင်မြန်သလို ထိန်းချုပ်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမယ့် ထိန်းချုပ်တဲ့အရည်အချင်းအပြင် ခင်ဗျားစိတ်ကိုပါ တစ်ခါတည်းအသုံးပြုရပါတယ်။

လာလီဂါနဲ့တော့ အဲ့တာက ခြားနားပါတယ်။ ဒါပေမယ့် dead ball ကအရေးပါပါတယ်။ အဲ့ဘောလုံးတွေကနေ ဂိုးတွေအများကြီး ကျွန်တော်မြင်ရပါတယ်။ ကျွန်တော်တို့ set-play နည်းပြနဲ့လည်း လေ့ကျင့်ရသလို နေ့တိုင်း အဲ့တာကို လေ့ကျင့်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အရည်အချင်းနဲ့အဆင်ပြေမယ့်အသင်းကိုရွေးချယ်ရပါတယ်။ သူတို့ကျွန်တော့်ဆီက ဘာလိုချင်လဲဆိုတာကိုလည်း ကြည့်ရပါတယ်။ ကျွန်တော့်ကစားဟန်နဲ့က လျင်မြန်တဲ့ကစားပုံတွေမှာ အထိုင်ကျအောင် လုပ်ရပါတယ်။

ကျွန်တော်က တည်ကျက်ပါ။ ဒါပေမယ့် ဒီတည်ဆောက်ပုံမှာ ကျွန်တော်က တိုက်စစ်ပိုလိုက်ပါခွင့်ရပါတယ်။ အာတီတာကလည်း ကျွန်တော့်ကို နောက်ဆုံးဘောလုံးပေးပို့နိုင်အောင် ကစားစေပါတယ်။ အဲ့တာက ကျွန်တော့်ကိုခြားနားစေပါတယ်။ ဒါပေမယ့် ကျွန်တော့်ပရိုဖိုင်က အများကြီးမပြောင်းလဲပါဘူး။ သူတို့ ကျွန်တော့်ကိုခေါ်တယ်ဆိုတာ ကျွန်တော်လုပ်ဆောင်တာကို ကြိုက်တာကြောင့်ပါ။ သူတို့ ကျွန်တော်အသင်းအတွက် ဘာပေးနိုင်လဲဆိုတာ သိပါတယ်။ တကယ်လို့ ကျွန်တော့်ပရိုဖိုင်က ပြောင်းလဲနေမယ်ဆိုရင် အဲ့တာက အမှားတစ်ခုဖြစ်လာနိုင်ပါတယ်”လို့ ဇူဘီမန်ဒီက ဖြေကြားခဲ့ပါတယ်။

စလော့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဇူဘီမန်ဒီကိုခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားက ဆိုစီဒက်မှာသာ ဆက်နေခဲ့ပါတယ်။ လီဗာပူးစတားဟောင်း ကာရေဂါကတော့ အာတီတာဟာ စပိန်သားကို လီဗာပူးထံကနေ ခိုးယူခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ အာဆင်နယ်ကွင်းလယ်မှာ ကြီးမားတဲ့သက်ရောက်မှုပေးစွမ်းနေပါတယ်။ “ကမ်းလှမ်းမှုရောက်လာချိန်မှာ ကျွန်တော် ဒီမှာဆက်နေရမလားဆိုပြီး မေးခွန်းမေးမိခဲ့ပါတယ်။ အဲ့တာက အချိန်ကောင်းမဟုတ်သေးတာကြောင့် ကျွန်တော် ဆက်နေပြီးသင်ယူခဲ့ပါတယ်။ နောက်တော့ ကျွန်တော် ဆက်လက်တိုးတက်ချင်သလို စိန်ခေါ်မှုတွေလိုချင်တာကြောင့် ပြောင်းရွှေ့လာခဲ့တာပါ။ ကျွန်တော် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့လို့ ပျော်ရွှင်မိပါတယ်”လို့ စပိန်သားက ထပ်လောင်းပြောကြားခဲ့ပါတယ်။