The network connection is lost.

Banner Image

ဗီလာပတ်ခ်သရေပွဲစဉ်အပြီး စိတ်ပျက်လက်ပျက်အဖြစ်ဆုံးကစားသမား ဘယ်လူလဲဆိုတာ အရိပ်အမြွက်ပြောပြလာတဲ့ အန်းစလော့

ဒီနေ့မနက်ပိုင်း၊ ဗီလာပတ်ခ်မှာ အက်စတွန်ဗီလာနဲ့ သရေကျပြီးနောက် လီဗာပူးနည်းပြအန်းစလော့က ဒါဝင်နူနက်ဇ်ကို အသင်းအဝတ်လဲခန်းအတွင်း စိတ်ပျက်လက်ပျက်အဖြစ်ဆုံးကစားသမားအဖြစ် အရိပ်အမြွက်ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်နာရီဝက်ဝန်းကျင်မှာပဲ မိုဆာလက်က လီဗာပူးအတွက် အရေးပါတဲ့ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် နောက်ထပ်ကိုးမိနစ်အကြာမှာပဲ တိုင်လီမန်းစ်က ဧည့်သည်တွေရဲ့ဦးဆောင်မှုကို ချေဖျက်သွားခဲ့ပါတယ်။ ပထမပိုင်းနာကျင်အချိန်ပိုမှာ ဝက်ကင်စ်က အိမ်ရှင်တွေအတွက် နောက်ထပ်ဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းပွဲချိန်အပြီး အက်စတွန်ဗီလာက လီဗာပူးကို ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အာနိုးလ်က အသင်းအတွက် အဖိုးထိုက်တန်လှတဲ့ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့ပြီးနောက် ပြိုင်ဘက်အသင်းနှစ်ခုအကြား မျှခြေဆီ ပြန်လည်ရောက်ရှိသွားပါတယ်။

ဒါကြောင့် အန်းစလော့က အနိုင်ဂိုးရှာဖွေဖို့အတွက် ဒါဝင်နူနက်ဇ်ကို လူစားဝင်ကစားစေခဲ့ပါတယ်။ လူစားဝင်လာပြီးနောက် သိပ်မကြာခင်မှာပဲ ဥရုဂွေးသားက ဆိုဘိုဆလိုင်းရဲ့အလန်းစားဖန်တီးပေးမှုမှတဆင့် ဂိုးပေါက်လွတ်ဆီလွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရရှိခဲ့ပေမယ့် သူ့ရဲ့ကန်ချက်က မထင်မှတ်ထားလောက်အောင် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

ပွဲစဉ်အပြီး ဒတ်ချ်လူမျိုးနည်းပြက “ ဘရက်ဒလေရဲ့မယုံကြည်နိုင်ဖွယ်ပေးပို့မှုမှတဆင့် ဆိုဘိုဆလိုင်းရဲ့အားအင်အပြည့်ပြေးလွှားမှုတစ်ခုကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အမြင်အရ ဆိုဘိုဆလိုင်းက အခုလိုဖန်တီးပေးမယ်ဆိုရင် ဂိုးပေါက်ဆီ လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့် ရရှိသွားနိုင်လို့ သူလည်း အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့တယ်လို့ ယူဆမိပါတယ်။ ပြီးတော့ ဒါဝင်နူနက်ဇ်ပေါ့။ ဒီအပိုင်းကတော့ အကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ မှန်ပါတယ်၊ ဒါဝင်နူနက်ဇ်က ညာသန်ကစားသမားတစ်ဦးပါ။ ဒါပေမယ့် အခုတစ်ကြိမ်ကတော့ တကယ့်ကိုကောင်းမွန်လွန်းတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါဝင်နူနက်ဇ်ကို နောက်ထပ်တစ်ကြိမ်လောက် အခွင့်အရေးထပ်ရရှိဖို့အတွက် ကျွန်တော်လည်း မျှော်လင့်နေခဲ့မိပါတယ်။ ကျွန်တော်တို့အားလုံး စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် အခုလိုအဖြစ်အပျက်မျိုးကြုံတွေ့ခဲ့ရတဲ့ကစားသမားက ပိုပြီးတော့ စိတ်ပျက်မိနေလိမ့်မယ်ဆိုတာ သာမန်အခြေအနေပဲ ဖြစ်ပါတယ်။ အဝတ်လဲခန်းထဲမှာလည်း တကယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကစားသမားတစ်ဦး ရှိပါတယ်။ ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိကြပါတယ်”လို့ TNT Sports ဆီ ပြောကြားခဲ့ပါတယ်။

မာဆေးဆိုဒ်ကလပ်က လာမယ့်တနင်္ဂနွေနေ့၊ အီတီဟတ်ကွင်းဆီ သွားရောက်ပြီး မန်ချက်စတာစီးတီးကို ရင်ဆိုင်ကစားကာ ပရီးမီးယားလိဂ်ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းသွားပါလိမ့်မယ်။