The network connection is lost.

Banner Image

ယူရိုဗိုလ်လုပွဲမတိုင်မီ ဟန်စီဖလစ်ခ်ပေးပို့ခဲ့တဲ့ မက်ဆေ့အကြောင်း ထုတ်ဖော်‌ပြောကြားလာတဲ့ ယာမယ်လ်

စပိန်လက်ရွေးစင် ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်က အင်္ဂလန်နဲ့ယှဉ်ပြိုင်ရမယ့် ၂၀၂၄ ယူရိုဗိုလ်လုပွဲမတိုင်မီမှာ ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်ပေးပို့ခဲ့တဲ့ မက်ဆေ့အကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အင်္ဂလန်နဲ့ယှဉ်ပြိုင်သွားရမယ့် ဇူလိုင်လ ၁၄ ရက်နေ့မတိုင်ခင် တစ်ရက်အလိုမှာ အသက်-၁၇ နှစ်ပြည့်မွေးနေ့ကို ဖြတ်သန်းသွားရမယ့် ယာမယ်ဟာ စပိန်နဲ့အတူ ပထမဆုံးအကြိမ် နိုင်ငံတကာဆုဖလား ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။
အသင်းနည်းပြ လူးဝစ်ဒီလာဖူရန်တီအနေနဲ့လည်း လူငယ်ကစားသမားလေးကို ယုံကြည်ချက်အပြည့်အဝပေးထားတာကြောင့် ဗိုလ်လုပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ်။

ယာမယ်လ်ဟာ ပြင်သစ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက်ချေပဂိုးကို သွင်းယူပေးခဲ့တာကြောင့် ယူရိုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းရှင်အဖြစ် စံချိန်တင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါဂိုးကို ယာမယ်သွင်းယူနိုင်မယ်ဆိုတာကြိုသိနေတဲ့ ဘာစီလိုနာနည်းပြ ဖလစ်ခ်အတွက်တော့ ဒီဂိုးဟာ အံ့အားသင့်စရာမဟုတ်ခဲ့ပါဘူး။

ယခုအခါမှာ‌တော့ ယာမယ်လ်က "ယူရိုမှာဝင်ကစားခွင့်ရပြီး အသင်းနဲ့အတူ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။ အရေးအကြီးဆုံးအချက်ကတော့ အနိုင်ရဖို့ဖြစ်ပြီး ကျွန်တော်တို့လိုချင်တာလည်း ဒါပါပဲ။ ဖလစ်ခ်က ကျွန်တော့်ကို ပွဲမစခင်နဲ့ ပွဲပြီးဆုံးချိန်တိုင်းမှာ မက်ဆေ့ပို့ပါတယ်။ ပြင်သစ်နဲ့ပွဲမစခင်မှာ သူက ကျွန်တော့်ကို ဂိုးသွင်းနိုင်လိမ့်မယ်လို့ပြောပါတယ်။ အခုလို ဆက်ဆံရေးမျိုးရှိနေရတာ ဝမ်းသာပါတယ်။ ဗိုလ်လုပွဲမတိုင်ခင်မှာလည်း ကျွန်တော့်ဆီ မက်ဆေ့ပို့လိမ့်မယ်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဇူလိုင်လအကုန်မှာတော့ ဟန်စီဖလစ်ဟာ ဘာစီလိုနာကစားသမားတွေနဲ့အတူ ရာသီကြိုခြေစမ်းပွဲစဉ်တွေကစားဖို့ အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပါတယ်။