The network connection is lost.

Banner Image

မန်ချက်စတာဒါဘီပွဲစဉ်အတွင်း ရရှိခဲ့တဲ့ဒဏ်ရာကြောင့် တစ်လကြာအနားယူရမယ့် ရူဘင်ဒီယက်စ်

မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ရူဘင်ဒီယက်စ် တစ်လကြာအနားယူရလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက အတည်ပြုပေးခဲ့ပါတယ်။ အခုရာသီ၊ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ပွဲထွက်ခဲ့သလို ပြိုင်ပွဲစုံ ၁၉ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ ဒီယက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ ကြွက်သားဒဏ်ရာတစ်ခု ရရှိခဲ့တာပါ။ သူက ခြေသလုံးဒဏ်ရာကြောင့် နိုဝင်ဘာလအတွင်း ပွဲစဉ်ငါးခုကို လွဲချော်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုဆုတ်ယုတ်မှုမတိုင်ခင် ပေါ်တူဂီနောက်ခံလူအတွက် ကောင်းမွန်တဲ့ ရွက်လွှင့်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပက်ဂွါဒီယိုလာအတွက် ပွဲထွက်လူစာရင်းပိုင်းရွေးချယ်မှုဆိုင်ရာအခက်အခဲအဖြစ် ဘရာဇီးဂိုးသမားအီဒါဆန်နဲ့ပတ်သက်ပြီး မသေချာမရေရာကိစ္စတွေလည်း ရှိနေပါတယ်။ ဘရာဇီးသားက အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် သံသယနဲ့စောင့်ကြည့်နေရပြီး သူ့ရဲ့နေရာမှာ အရန်ဂိုးသမားအော်တေးဂါးကပဲ ဆက်ပွဲထွက်လာနိုင်ပါတယ်။

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ရူဘင်ဒီယက်စ်က ကာလရှည် အနားယူရပါမယ်။ နောက်ပြီး အီဒါဆန်လည်း မနက်ဖြန်ပွဲစဉ်အတွက် အဆင့်သင့်ဖြစ်နေမလား ကျွန်တော် မသိရသေးပါဘူး။ ရူဘင်ဒီယက်စ်ကတော့ ရက်သတ္တပတ်သုံးပတ်မှ လေးပတ်အထိ အနားယူရသွားပါလိမ့်မယ်။ ယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၇၅ မိနစ်မှာ သူ့ရဲ့ကြွက်သားနဲ့ပတ်သက်လို့ တစုံတရာခံစားခဲ့ရပါတယ်။ သူက အရမ်းသန်မာသလို ပွဲစဉ်ကိုလည်း ဆက်ကစားချင်ခဲ့ပါတယ်။ အခုတော့ သူ ဒဏ်ရာရရှိသွားပါပြီ”လို့ ပြောပါတယ်။

အခုလို ရူဘင်ဒီယက်စ်နဲ့ အီဒါဆန်နဲ့ပတ်သက်လို့ စိတ်ပျက်စရာသတင်းတွေ ရှိနေပေမယ့် ပက်ဂွါဒီယိုလာက နောက်ခံလူဂျွန်စတုန်းစ်၊ အကန်ဂျီတို့နဲ့ပတ်သက်ပြီး စိတ်အားတက်စရာသတင်းတွေ ဝေမျှပေးခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက လေ့ကျင့်ခန်းပြန်ဆင်းနေပြီး အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။


ပက်ဂွါဒီယိုလာက “လွန်ခဲ့တဲ့နှစ်ရက်ကပင် အကန်ဂျီနဲ့ ဂျွန်စတုန်းစ် လေ့ကျင့်ခန်းပြန်ဆင်းနေခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် သတင်းကောင်းတစ်ခုပါ။ သူတို့တွေ ပွဲထွက်ကစားပေးနိုင်မလား ကျွန်တော် မသိပါဘူး။ ကြာသပတေးနေ့လေ့ကျင့်ရေးအစီအစဉ်က သူတို့နှစ်ဦးရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အခုဒဏ်ရာပြဿနာကြောင့် ရူဘင်ဒီယက်စ်က အက်စတွန်ဗီလာနဲ့ အရေးကြီးပွဲစဉ်အပါအဝင် ပွဲစဉ်များစွာကို လွဲချော်သွားရပါလိမ့်မယ်။ နောက်ခံလူက အီတီဟတ်မှာ အဲဗာတန်နဲ့ရင်ဆိုင်ရမယ့် Boxing Day ပွဲစဉ်၊ လက်စတာနဲ့ ဒီဇင်ဘာ ၂၉ ရက် အဝေးကွင်းပွဲစဉ်၊ ဝုဗ်နဲ့ ဇန်နဝါရီ ၄ ရက်ပွဲစဉ်တို့ကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။