
ဆိုင်မွန်စ်နဲ့ပတ်သက်ပြီး သတင်းဆိုးတွေရှိနေပေမယ့် ခေါ်ယူဖို့ကြိုးစားနေဆဲဖြစ်တဲ့ ချဲလ်ဆီး
လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ရဲ့ အဝတ်လဲခန်းအတွင်း ပြဿနာတွေနဲ့ပတ်သက်ပြီး သတင်းဆိုးတွေထွက်ပေါ်နေပေမယ့် ချဲလ်ဆီးကတော့ ကစားသမားကိုခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပြီး ယခုအခါမှာ ဆွေးနွေးညှိနှိုင်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ယခုနွေရာသီအတွင်း တိုက်စစ်ပိုင်းကို အင်အားထပ်မံဖြည့်တင်းဖို့ပြင်ဆင်နေတဲ့ချဲလ်ဆီးဟာ ဆိုင်မွန်စ်ကို အာဆင်နယ်နဲ့အပြိုင် ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပြီး ယခုအခါ ဂျာမန်သတင်းတွေအရ ဆိုင်မွန်စ်ရဲ့အဝတ်လဲခန်းအတွင်း အပြုအမူတွေဟာ ပရိသတ်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်လာစေနိုင်တယ်လို့ သိရပါတယ်။
ဆိုင်မွန်စ်အနေနဲ့လည်း ဒီနွေရာသီမှာပဲ လိုက်ပ်ဇစ်နဲ့လမ်းခွဲဖို့မျှော်လင့်ထားတာဖြစ်ပြီး ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။ ကစားသမားဟာ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေလည်း ရရှိထားပြီလို့သိရပါတယ်။ လူငယ်ကစားသမားဘဝကို ဘာစီလိုနာမှာဖြတ်သန်းခဲ့တဲ့ ဆိုင်မွန်စ်ဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အတွက် စုစုပေါင်း ၃၃ ပွဲကစားခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း ၁၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။
မကြာသေးမီရာသီတွေကလည်း ဆိုင်မွန်စ်ကို မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့က ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြသေးတာဖြစ်ပါတယ်။ ယခုအခါမှာ ဂျာမန်သတင်းတွေအရ ပြီးခဲ့တဲ့ရာသီက ဆိုင်မွန်စ်ဟာ လိုက်ပ်ဇစ်ရဲ့အဝတ်လဲခန်းအတွင်း ပြဿနာဖြစ်ခဲ့ခြင်းရဲ့ အဓိကတရားခံဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဆိုင်မွန်စ်ဟာ အသင်းဖော်တွေရဲ့ အကြုံပေးမှုတွေနဲ့ ဝေဖန်မှုတွေကို လက်ခံခြင်းမရှိဘဲ ပြင်းပြင်းထန်ထန်တုံ့ပြန်တတ်သူတစ်ယောက်ဖြစ်တာကြောင့် အဝတ်လဲခန်းအတွင်း မကြာခဏပြဿနာတက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီက လိုက်ပ်ဇစ်ဟာ ဆိုင်မွန်စ်ကို ပီအက်စ်ဂျီထံမှ ပေါင် ၄၄ သန်းနဲ့ အပြီးသတ်ဝယ်ယူခဲ့ပြီးနောက် ကစားသမားဟာ အသင်းရဲ့လစာအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ လစာအများဆုံးကစားသမားဖြစ်လာပြီးနောက် ဆိုင်မွန်စ်ဟာ သူ့ကိုယ်သူအထင်ကြီးလွန်းလာခဲ့တယ်လို့ ဂျာမန်သတင်းတွေကဖော်ပြခဲ့သလို၊ အဝတ်လဲခန်းထဲမှာလည်း ပြဿနာတွေ ပိုမိုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့မေလအတွင်းမှာတော့ လူတိုင်းက ပြီးပြည့်စုံမှုမရှိနိုင်ကြောင်းကို ဆိုင်မွန်စ်က "လူတိုင်းတိုးတက်ဖို့လိုပါတယ်။ ကျွန်တော်အပါအဝင်ပေါ့။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ကလူသားတွေဖြစ်လို့ အရာရာတိုင်းမှာ ပြီးပြည့်စုံအောင်လုပ်နိုင်မှာမဟုတ်ပါဘူး" "အလုပ်ကြိုးစားခြင်းကတော့ ပရိသတ်တွေကို ကျေနပ်စေမှာသေချာပါတယ်။ အသင်းရဲ့လုပ်ငန်းစဉ်ကလည်း တဖြည်းဖြည်းပိုကောင်းလာပါပြီ။ အသင်းမှာရှိတဲ့ပြဿနာတွေကို အတူတူဖြေရှင်းသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာ ချဲလ်ဆီးဟာ ဆိုင်မွန်စ်ကိုပေါင်သန်း ၆၀ ဝန်းကျင်နဲ့ခေါ်ယူနိုင်ဖို့ကြိုးစားနေပြီး အပြောင်းအရွှေ့စာချုပ်ထဲမှာ ရှုပ်ထွေးတဲ့စည်းကမ်းချက်တွေလည်း ဆက်လက်ထည့်သွင်းလာနိုင်ချေရှိတယ်လို့သိရပါတယ်။ လာမယ့်ရာသီမှာတော့ ဆိုင်မွန်စ်ကို ပရီးမီးယားလိဂ်မှာမြင်တွေ့သွားရမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။