
ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုတွေရှိနေပေမယ့် အာဆင်နယ်နဲ့ပဲစာချုပ်သစ်ချုပ်ဆိုလိုကြောင်း ပြောကြားလာတဲ့ ဆာလီဘာ
အာဆင်နယ်ဗဟိုခံစစ်မှူး ဝီလီယမ်ဆာလီဘာဟာ ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုတွေရှိနေပေမယ့် အသင်းမှာပဲဆက်နေပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်ချင်တာကြောင့် စာချုပ်သစ်ချုပ်ဆိုလိုကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့လည်း ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပြင်သစ်လက်ရွေးစင်ကို ယခုနွေရာသီမှာပဲ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ယခုအခါမှာ ဆာလီဘာက စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားကြောင်းပြောကြားလာတာကြောင့် မကြာမီမှာပဲ သဘောတူညီမှုရရှိသွားနိုင်ပါတယ်။
အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိမရှိမေးမြန်းခဲ့ရာမှာ ပြင်သစ်သားက "မကြာခင်မှာပဲ ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပေါ့။ ဒီနှစ်မှာ အသင်းနဲ့အတူ ဆုဖလားတွေအားလုံး ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
မကြာသေးမီရာသီတွေမှာ ခြေစွမ်းပိုင်းသိသိသာသာတိုးတက်လာခဲ့တဲ့ဆာလီဘာဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ်သတ်မှတ်ခံထားရပါတယ်။ အသက်-၂၄ နှစ်အရွယ်ကစားသမားကို နည်းပြမီခေးလ်အာတီတာကလည်း အတော်လေးသဘောကျပြီး အခုလိုစာချုပ်သစ်ချုပ်ဆိုမယ့် အလားအလာကြောင့် ကစားသမားဟာ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ အာဆင်နယ်အတွက်ကြီးမားတဲ့အထောက်အပံ့အဖြစ် ဆက်လက်ကူညီပေးသွားနိုင်မှာဖြစ်ပါတယ်။
ဆာလီဘာဟာ အရမ် ၆ ပေ ၄ လက်မအထိ မြင့်မားပြီး အာဆင်နယ်အတွက် စုစုပေါင်း ၁၃၄ ပွဲအထိ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ အာရှကိုရာသီကြိုခရီးစဉ်ထွက်ခွာနေတဲ့အာဆင်နယ်ဟာ ခြေစမ်းပွဲစဉ်အဖြစ် ခါးသီးတဲ့ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။