The network connection is lost.

Banner Image

နူနက်ဇ် လီဗာပူးမှာ ဘာကြောင့်အောင်မြင်နိုင်တာလဲ (ဆောင်းပါး)

ဒါဝင် နူနက်ဇ် လီဗာပူးကို ပြောင်းလာခြင်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပေမဲ့ သူ ဘာကြောင့် အန်ဖီးလ်မှာ အောင်မြင်နိုင်လဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။ နူနက်ဇ်အကြောင်း အဓိက ပြောကြတာက ယူရို သန်း၁၀၀ တန်ကြေး အကြောင်းဖြစ်ပြီး အဲ့ဒီအတွက် စိတ်မပူဘူးလို့ ပြောရင်တော့ လိမ်ညာပြောရာကျသွားမှာပါ။

နူနက်ဇက် အသက်၂၂နှစ်အရွယ်ဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်ထဲ ယခုနှစ်တွေအတွင်း ခြေစွမ်းကောင်းတဲ့ လူငယ်တိုက်စစ်မှူးတွေ ရှားပါးနေခဲ့ပါတယ်။ သတိပြုမိစရာ အပြောင်းအရွှေ့ကတော့ မန်စီးတီး ဒေါ့မွန်ကနေ ခေါ်ယူလိုက်တဲ့ ဟာလန်းအပြောင်းအရွှေ့တစ်ခုလောက်သာ ရှိပါတယ်။ နူနက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ယှဉ်လိုက်ရင် မန်စီးတီးအသင်းက လီဗာပူးထက် ငွေအများကြီး ပိုသုံးခဲ့တာကို တွေ့နိုင်ပါတယ်။

နူနက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးက များနိုင်ပေမဲ့ မန်စီးတီးက ဟာလန်းကို ခေါ်ယူရာမှာ အေးဂျင့်ကြေးနဲ့ မိသားစုအတွက် ပေါင် သန်း၇၀အထိ အသုံးပြုခဲ့ရပါတယ်။ အလားတူ ဟာလန်းရဲ့ လစာအတွက် တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ပေးချေရပြီး လီဗာပူးကတော့ ဥရုဂွေးသားအတွက် တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀သာ ပေးချေရပါတယ်။ ဒါကလည်း တော်တော်များတဲ့ ငွေကြေးပမာဏဖြစ်ပေမဲ့ ကစားသမားကောင်းတွေ ခေါ်ယူချင်ရင် ငွေကြေးအလုံးအရင်း ပေးရမှာပါပဲ။

ကျွန်တော်တို့ကို အံ့အားသင့်သွားစေတာကတော့ နူကန်ဇ်ကို ကလော့ပ်က ယုံပြီးသား ဖြစ်နေတာပါ။ အားလုံးသိကြတဲ့အတိုင်း ကလော့ပ်က ငွေကြေးအမြောက်အမြား သုံးလေ့မရှိပေမဲ့ လိုအပ်လာရင် သုံးခဲ့ပါတယ်။ အရင်က အပြောင်းအရွှေ့တွေမှာ ပြန်ကြည့်ရင် ဗန်ဒိုက်၊ အလီဆင်တို့ရဲ့ အပြောင်းအရွှေ့တွေမှာ ဥပမာအဖြစ် မြင်နိုင်ပါတယ်။

ဂျာမန်သားကြီး ငွေပုံပေးပြီဆိုရင် အဲ့ဒီ ကစားသမားက ခြေစွမ်းဆိုးလေ့မရှိဘဲ နူနက်ဇ်နဲ့ အပြောင်းအရွှေ့မှာလည်း ဒီဂုဏ်ပုဒ်ကို ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရပါမယ်။ နူနက်ဇ် စာချုပ် ချုပ်တဲ့အချိန် ကလော့ပ်ပြောခဲ့တာက သူအမြဲတန်ဖိုးထားတဲ့ အားထုတ်ကြိုးပမ်းလိုစိတ် ၂၂နှစ်သားမှာ ပိုကောင်းလာစေဖို့ပါပဲ။ လီဗာပူးနဲ့ ပထမဆုံး အင်တာဗျူးမှာ နူနက်ဇ်က အသက်ငယ်သေးပေမဲ့ ဘယ်လောက်ထိ ရင့်ကျက်တယ်ဆိုတာ ပြသသွားကာ လူအများကို ကျေနပ်စေခဲ့ပါတယ်။

ဖိအားတွေအကြောင်း မေးတဲ့အခါ နူနက်ဇ်က ဘာဖိအားမှမရှိဘဲ ဆုဖလားရယူဖို့ အသင့်ဖြစ်နေပြီလို့ ရဲရဲဝံ့ဝံ့ ပြန်ဖြေခဲ့ပါတယ်။ လူငယ်ဘဝမှာ ခုလို စိတ်ဓာတ်မျိုး ရှိတာက တကယ်ကောင်းပြီး စကားပြောတာက ဝါရင့်တစ်ယောက် ပြောနေသလိုတောင် ဖြစ်နေပါတယ်။ တည်တည်ငြိမ်ငြိမ်ပဲ နေတတ်ပြီး ဘင်ဖီကာမှာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၃၄ဂိုးအထိ သွင်းနိုင်ခဲ့တာကြောင့် သူ လီဗာပူးမှာလည်း အောင်မြင်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ အလားတူ လီဗာပူးမှာ စပိန်နဲ့ ပေါ်တူဂီစကား ပြောနိုင်သူတွေ ရှိတာကြောင့် ပတ်ဝန်းကျင် အသစ်နဲ့လည်း စိမ်းနေမှာ မပူရတော့ပါဘူး။

လီဗာပူးက အသင်းကို ပြန်လည် တည်ဆောက်နေဆဲ ဖြစ်တာကြောင့် လူငယ်တွေနဲ့ ဆုဖလားအောင်မြင်ခဲ့ဖူးတဲ့ ကစားသမားတွေကို ပူးပေါင်းစေတာက ပြီးပြည်စုံတဲ့ ပေါင်းစပ်မှုတစ်ခုပါ။ သူ့ရဲ့ ကြံ့ခိုင်မှု၊ အရပ်အမောင်း၊ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှု၊ လျင်မြန်မှုတို့က ပရီးမီးယားလိဂ်မှာလည်း ကောင်းကောင်းအံဝင်နိုင်မယ်ဆိုတာ ပြသလျက် ရှိနေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရာသီသစ်စတဲ့အချိန် မန်စီးတီးက ဟာလန်းနဲ့ ဂိုးတွေအပြိုင်သွင်းနိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြဖို့ တိုက်တွန်းရင်း…