The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်မှာ ဆိုးလ်ရှား ဘာတွေမှားခဲ့သလဲ..

မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ်နဲ့ အံ့အားသင့်ဖွယ် ရလဒ်ကောင်းတွေ ရယူပြီးရောက်ရှိလာခဲ့တဲ့ နည်းပြကြီး အိုလီဂန်နာဆိုးလ်ရှားကတော့ ၃ နှစ်ကြာ ယူနိုက်တက်ကို တာဝန်ယူခဲ့ပြီးနောက်မှာ လမ်းခွဲသွားခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ နည်းပြဆိုးလ်ရှား လိုချင်တဲ့ ဆန်ချို၊ ဗာရာနီတို့လို ထိပ်တန်းကြယ်ပွင့်တွေအပြင် ခရစ္စတီယာနိုရော်နယ်ဒိုလို GOAT တစ်ယောက်ကိုတောင် အပိုဆုအနေနဲ့ မန်စီးတီးနဲ့ အပြိုင်ခေါ်ယူပေးခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားကြီးဟာ သူ့ရဲ့ဒုတိယမြောက် ယူနိုက်တက်ကစားသမားဘ၀ ပွဲဦးထွက်ဖြစ်တဲ့ နယူးကာဆယ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာပဲ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက် ၁၀ ပတ်ခန့်အကြာမှာတော့ နည်းပြ အိုလီဂန်နာဆိုးလ်ရှား ထုတ်ပယ်ခံလိုက်ရပါတယ်။ ယူနိုက်တက်ဟာ အောက်တိုဘာ ၂၄ မှာ လီဗာပူးကို ၅-၀ ၊ နိုဝင်ဘာ ၆ ရက်နေ့မှာ မန်ချင်စတာစီးတီးကို ၂-၀ တို့နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့တာကြောင့် ထိုင်ခုံလှုပ်ခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့က ဝက်ဖို့ဒ်ကိုပါ ၄-၁ နဲ့ ထပ်ရှုံးခဲ့တာကြောင့် နည်းပြရာထူးကနေ ဖယ်ရှားခံလိုက်ရတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုရဲ့ ပွဲဦးထွက် နယူးကာဆယ်ကို အနိုင်ရပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၄ ပွဲနိုင်ပြီး ပရီးမီးယားလိဂ် ၈ ပွဲကနေလည်း ၇ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ clean sheet တစ်ပွဲသာရခဲ့ပြီး ၇ ပွဲမှာ ၁၉ ဂိုးထိ ခံစစ်ကပေးခဲ့ရပြီး ကာရာဘောင်ဖလားကနေလည်း ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။ အခြေအနေတွေက ပိုဆိုးလာခဲ့ပေမယ့် စက်တင်ဘာလတုန်းက ဝက်စ်ဟမ်းကို ဒီဂီယာရဲ့ နောက်ဆုံးမိနစ် ပင်နယ်တီကာကွယ်မှုနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်၊ ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုရဲ့ နောက်ကျဂိုး ၃ ဂိုးနဲ့ ဗီလာရီးရဲလ်၊ အတ္တလန္တာတို့ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေကတော့ ရလဒ်ဆိုးတွေကြားက စိတ်သက်သာရာ ရစရာပွဲလေးတွေ ဖြစ်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ အားသာချက်များ
======================
တစ်ချို့အတွက်တော့ ဆိုးလ်ရှားရဲ့ ထွက်ခွာမှုဟာ အစောကြီးကတည်းက ဖြစ်ခဲ့ပြီးပါပြီ။ ဆိုလိုတာကတော့ ဆိုးလ်ရှားရဲ့ ထွက်ခွာမှုဟာ နည်းနည်းတောင် နောက်ကျနေတယ်လို့ ဆိုရမှာပါပဲ၊ နည်းပြဆိုးလ်ရှားကို မော်ရင်ဟိုနဲ့ လမ်းခွဲပြီးနောက် ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး မတ်လမှာတော့ အမြဲတမ်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ ဒီလိုခန့်အပ်ဖို့အတွက် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားဟာ မော်ရင်ဟိုရဲ့နေရာကို ယာယီနည်းပြအဖြစ် ဆက်ခံခဲ့ပြီး မယုံနိုင်စရာ ရလဒ်ကောင်းတွေကို ဆက်တိုက်ရယူပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ နောက်ဆုံးမိနစ် comeback တွေနဲ့ အသင်းကို အကောင်းဆုံး မောင်းနှင်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဆိုတာကလည်း ဆိုးလ်ရှားရဲ့ ရင်ထဲမှာအမြဲရှိနေမယ့် အသင်းတစ်သင်းဆိုတာ သေချာသလောက်ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၃ မှာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး ရပ်တည်မှု ဖြစ်ခဲ့ပါတယ်။ ၁၉ ပွဲကစားပြီး အမှတ်ပေးဇယားထိပ်ဆုံးထိ တက်သွားခဲ့ဖူးတဲ့ မှတ်တမ်းကလည်း ဆာအဲလက်စ်ထွက်ပြီးနောက်ပိုင်း အကောင်းဆုံးမှတ်တမ်း တစ်ခုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖိုင်နယ်ကို တက်နိုင်ခဲ့ပြီး ဗီလာရီးရဲလဲကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့လို့သာ ဆိုးလ်ရှားဟာ ယူနိုက်တက်မှာ ဖလားလက်မဲ့ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ တကယ်လို့ ဒီဂီယာရဲ့ နောက်ဆုံးပင်နယ်တီသာ ဂိုးဝင်ခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားရဲ့ နည်းပြဘဝဟာလည်း တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ အခုတော့ ဆိုးလ်ရှားတစ်ယောက် ဖလားအောင်မြင်မှု တစ်ခုမှမရှိပဲနဲ့ သူချစ်တဲ့ မန်ချက်စတာကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဆိုးလ်ရှား : ကစားသမားအပေါ် ကလိမ်ကျသူ
-------------------------
ဆိုးလ်ရှား မှားယွင်းခဲ့တဲ့ အချက်တွေက ခုမှစမှာပါ။ ယူနိုက်တက် ပြိုလဲမှုမှာ ဆိုးလ်ရှားတာဝန်ယူခြင်း မရှိဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ သူ ဘယ်ကစားသမားကို ယုံတယ်၊ ဘယ်ကစားသမားကို မယုံဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ မျက်မြင်ကတော့ ဒွန်နီ ဘန်ဒီဘိခ်ကို ဆိုးလ်ရှား မယုံဘူးဆိုတာပါပဲ။ ပေါင် ၃၅သန်းနဲ့ အေဂျက်စ်ကနေ ရောက်လာတဲ့ ဗန်ဒီဘိခ်ကို ဆိုးလ်ရှား ဘယ်နေရာမှာ ထားသုံးမယ်ဆိုတာ လုံး၀ ရှင်းလင်းခြင်း မရှိပေမဲ့ အိုးထရက်ဖို့ဒ်မှာ နယ်သာလန်သားကို ခြေစွမ်းပြသခွင့် လုံးဝကို မပေးခဲ့ပါဘူး။

ဆိုးလ်ရှားဟာ ဗန်ဒီဘိခ်ကို သုံးဖို့ ကြောက်နေတာကြောင့် ဘယ်နေရာမှာ သုံးရင် တောက်ပလာနိုင်မလဲ ဆိုတဲအပေါ် မသေချာတာတွေ ဖြစ်လာခဲ့တယ်လို့ bbcကို ၎င်းနဲ့ နီးစပ်သူတွေက ပြောပြခဲ့ကြပါတယ်။ ယမန်နှစ်ရာသီ ကွင်းပိတ်ကစားခဲ့စဉ်တုန်းက အဆိုပါ အမြင်ကြီးက ပွဲတိုင်းမှာ ထူးဆန်းအံ့ဩဖွယ် ဖြစ်နေခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ ပွဲမှာ လူစားဝင်လာပြီး သိပ်မကြာခင် ဗန်ဒီဘိခ် ဂိုးသွင်းသွားမှုက ဆိုးလ်ရှားရဲ့ အမြင်ကို ပိုပြီး စိတ်ပျက်စေခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ယခုနှစ်ရာသီ ယူနိုက်တက်အတွက် အသုံးပြုလို့ရမယ့် ကစားသမားကောင်း အများအပြားထဲက ၁ဦး ဖြစ်ပါတယ်။ ယူနိုက်တက် ပထမဂိုးသမားနေရာ စိန်ခေါ်ဖို့ ဒင်းဟန်ဒါဆန်ရဲ့ မျှော်လင့်ချက် ပြင်းထန်နေပေမဲ့ ဒီဂီယာကတော့ ယူနိုက်တက်မှာ စွမ်းဆောင်ရည် အပြနိုင်ဆုံး ကစားသမားတွေထဲက ၁ဦးဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ ပထမဂိုးနေရာအတွက် လုနေချိန် လွန်ခဲ့တဲ့ ၂နှစ် ဒဏ်ရာမရစဉ် အင်္ဂလန်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ၃၅နှစ်သား တွမ်ဟီတန်က တတိယဂိုးသမား ဖြစ်နေတာကလည်း အကောင်းဆုံး အသုံးချနိုင်မှုတော့ မဟုတ်ပါဘူး။

လင်ဂတ်ကလည်း သောကြာနေ့က ဝက်စ်ဟမ်း ဂျာစီနဲ့ပုံကို လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ အဆိုပါပုံတင်မှုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တာ သိခဲ့ပြီးနောက် တင်ခဲ့တာ ဖြစ်ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ ရာသီဝက်လောက် ပြောင်မြောက်တဲ့ ခြေစွမ်းပြသခဲ့ပြီး အင်္ဂလန်အသင်းမှာတော့ ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။ နွေရသီကတော့ ဆိုးလ်ရှား သူ့ကို အခွင့်အရေး ပိုပေးမယ် ထင်ခဲ့တဲ့အတွက် ဝက်စ်ဟမ်းကို အပြီးသတ် မပြောင်းခဲ့ပဲ တကယ်တမ်းမှာတော့ အခွင့်အရေးက ရောက်လာခြင်း မရှိခဲ့ပါဘူး။

ကစားသမားတွေကြား ယုံကြည်မှု ပျောက်ဆုံးလာခြင်းနှင့် ခြေစွမ်းပျောက်ခြင်း
-------------------------------
နိုဝင်ဘာ ၁၂ရက်နေ့မှာ ဟယ်ရီ မက်ဂွါရီဟာ အယ်ဘေးနီးယားနဲ့ ပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် နားရွက်၂ဖက်ကို လက်နဲ့ပိတ်ကာ ဝေဖန်သူတွေကို လှောင်ပြောင်တဲ့ပုံစံ ပြသခဲ့ပေမဲ့ ၈ရက်အကြာမှာတော့ ယူနိုက်တက်အသင်း ခေါင်းဆောင်တစ်ယောက် ဝက်ဖို့ဒ်နဲ့ပွဲမှာ ၂ဝါ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါ ၂ပွဲက မက်ဂွါရီရဲ့ လက်ရှိ ခြေစွမ်းကို အတိုဆုံးနဲ့ အရှင်းဆုံး ဖော်ပြခဲ့တာပဲ ဖြစ်ပြီး အင်္ဂလန်အတွက် ကောင်းကာ ယူနိုက်တက်အတွက် ဆိုးရွားခဲ့ပါတယ်။

လက်စတာကို ၄-၂ဂိုးနဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာလည်း သူ့ရဲ့ အမှားတွေကြောင့် အသင်းဟောင်းက အိမ်ကွင်းမှာ အနိုင်ယူနိုင်အောင် ကူညီပေးသလို ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ အစောပိုင်းက မန်စီးတီးနဲ့ပွဲမှာ သူနဲ့ လုခ်ရှောတို့ရဲ့ ချိတုံချတုံ ဖြစ်နေမှုကြောင့် ဘာနာဒိုဆေးလ်ဗားက သွင်းယူသွားနိုင်ခဲ့ပါတယ်။ မက်ဂွါရီနဲ့ လုခ်ရှောတို့က ဘောလုံးကို စောင့်နေတာကြောင့် ပိုလျင်တဲ့ ဘာနာဒိုက နောက်ကနေ လာပြီး သွင်းယူသွားနိုင်တာ ဖြစ်ကာ အဆိုပါအချက်က ယူနိုက်တက်အသင်း မဝံ့မရဲ ဖြစ်နေမှုကို အရိပ်အမြွက်ပြခဲ့ပါတယ်။

ဝမ်ဘစ်ဆာကာရဲ့ အာရုံစိုက်မှုကလည်း အမြဲတမ်း ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အောက်တိုဘာလက လီဗာပူးကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲစဉ်မှာ နေရာလွတ်တွေ လွှတ်ပေးခဲ့ကာ ဝေဖန်သူတွေရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှု ခံခဲ့ရပေမဲ့လည်း စီးတီးနဲ့ ပွဲမှာလည်း အလားတူ ဖြစ်ရပ်မျိုးကနေပဲ အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာ ချေပဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ဘရူနို ဖာနန်ဒက်စ် အသုံးမချနိုင်ခဲ့သလို မန်စီးတီးနဲ့ပွဲတုန်းကလည်း ယူနိုက်တက် ရောက်လာပြီးနောက်ပိုင်း အဆိုးဆုံး စွမ်းဆောင်ရည် ပြသခဲ့ကာ ဘောလုံးဆုံးရှုံးမှု အလွန်များခဲ့ပါတယ်။

ယူနိုက်တက်အသင်း ဘရာဇီးသား ဖရက်ကို ဘာကြောင့် ပေါင် ၄၇သန်း ပေးခေါ်တယ်ဆိုတာ လုံး၀ ရှင်းရှင်းလင်းလင်းနဲ့ နားလည်နိုင်ခြင်း မရှိသေးပါဘူး။ ပြီးတော့ လီဗာပူးနဲ့ပွဲမှာ လူစားဝင်လာတဲ့ ပေါ့ဂ်ဘာသာ အနီကတ်မထိခဲ့ရင် အခြေအနေတွေက ဒီထက်ပိုကောင်းမယ်ဆိုတဲ့ အကြောင်းတွေကို ဘယ်သူမှ မပြောဖြစ်ကြပါဘူး။ ဒါကလည်း ဒဏ်ရာရနေတဲ့ ပေါ့ဂ်ဘာအကြောင်းနဲ့ပက်သက်ပြီး ပြောလို့ရနိုင်တဲ့ အကောင်းမြင်အချက်တစ်ချက် အဖြစ်သာ ရှိနေပါတယ်။

အသင်းပိုင်ရှင်တွေနဲ့ဆိုးလ်ရှား စိန်ခေါ်မှု လုပ်ခဲ့သလား??
ဆိုးလ်ရှားနဲ့ပက်သက်ပြီး ပရိသတ်များ စွပ်စွဲချက်တစ်ခုကတော့ သူမှာ ပင်ကိုယ်ဘောလုံးစတိုင်တစ်ခု မရှိနေဘူးဟု၍ပင်။ အထူးသဖြင့် ဆိုးလ်ရှားဟာ ပက်ဂွါဒီယိုလာ၊ ဂျာဂင်ကလော့ပ်၊ သောမတ်တူချယ်တို့လို ထိပ်တန်းနည်းပြတွေနဲ့အမြဲ နှိုင်းယှဉ်ခံခဲ့ရပါတယ်။ အမြဲတစေ ဂွါဒီယိုလာ၊ ကလော့ပ်၊ တူချယ်တို့ရဲ့ အနိုင်ယူခြင်းခံရတဲ့အတွက် ယူနိုက်တက်ပရိသတ်အများစုက နဂဲလ်မန်းစ်၊ ဘီရယ်ဆာ၊ ပိုချက်တီနိုကတောင် ပိုကောင်းအုံးမည်ဟု ယူဆခဲ့ပါတယ်။

အစဦးပိုင်းမှာ ၎င်းရဲ့ အသင်းဟာ သူလိုချင်သလို ဖိအားပေးကစားရန် ကြံခိုင်မှုပိုင်းမှာ အားနည်းသည်ဟု ဆိုးလ်ရှား ယူဆခဲ့သည်။ ပြိုင်ဘက်က အမှားဖြစ်ပေါ်အောင် တွန်းအားပေး ပြေးလွှားကစားနိုင်မယ့် လူငယ်ကစားသမားတွေကို ထားသုံးဖို့အတွက် လေးလံတဲ့ လူကာကူနှင့် အံ့မဝင်တဲ့ ဆန်းချက်ဇ်တို့ကို ဆိုးလ်ရှား ဖယ်ရှားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ကွင်းလယ်ဟာ နှစ်တွေကြာသည့်တိုင် အားနည်းနေဆဲ ဖြစ်ပြီး ကစားသမားခေါ်ယူမှုပိုင်းမှာလည်း မေးခွန်းထုတ်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဆန်ချိုကို စောစီးစွာ ခေါ်ကာ  တိုက်စစ်ပိုင်းမှာ အသင်းပြောင်းချင်နေတဲ့ ကာဗာနီကို တစ်နှစ်ထပ်တိုးပြီး ဆက်ထိန်းခဲ့ပါတယ်။

ဒါပေမဲ့ ရော်နယ်ဒို ရောက်လာခြင်းက အသင်းရဲ့ စုဖွဲ့မှုကို ဖျက်ဆီးလိုက်သလို ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အရ ကာဗာနီနှင့် ဂရင်းဝုဒ်တို့မျှဝေပွဲထွက်နေတဲ့ နံပါတ်၉နေရာကို ရော်နယ်ဒိုက ရယူလိုက်ပါတယ်။ ရော်နယ်ဒို အထောင်တိုက်စစ်ဖြစ်သွားတဲ့အခါ ကာဗာနီက နေရာမရတော့ဘဲ ဂရင်းဝုဒ်ကိုယ်တိုင်လည်း ညာတောင်ပံ ထွက်ကစားခဲ့ရကာ ဆိုးကျိုးထပ်ဖြစ်စေတာကတော့ ဆန်ချို ပါ ကစားရမယ့် အခွင့်အရေးတွေ နည်းပါးကုန်ပါတယ်။

ရော်နယ်ဒိုရဲ့ အရည်အသွေးနဲ့ဂိုးသွင်းစွမ်းရည်ဟာ မေးခွန်းထုတ်စရာမလိုဘဲ အကြိမ်တိုင်းမှာ အသင်းကို ကယ်ဆယ်ရေးဂိုးတွေ သွင်းနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ တဖက်နောက်ခံလူကို မြှားခေါ်နိုင်ဖို့ဖိအားပေးရေးအတွက်ကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကအတိုင်း ရော်နယ်ဒို မသန်မာတော့ပါဘူး။ဒါကလည်း ရော်နယ်ဒိုကို ချစ်တဲ့သူတွေအတွက်တော့ အငြင်းပွားချင်စရာ ဖြစ်နိုင်ပါတယ်။

ပေါ်တူဂီကြယ်ပွင့် ရှိနေတဲ့အတွက် စီးပွားရေးအရ အကျိုးဖြစ်ထွန်းမယ်ဆိုတာ သိနေတဲ့ ယူနိုက်တက်တာဝန်ရှိသူတွေကဲ့သို့ဆိုးလ်ရှားက ရော်နယ်ဒိုကို အမှန်တကယ် ခေါ်ယူချင်ခဲ့တာလားဆိုတာ စဉ်းစားစရာပါဘဲ။ ဆိုးလ်ရှားအနေနဲ့ရော သူရဲ့ စိတ်ထဲက ဆန္ဒကို အသင်းတာဝန်ရှိသူတွေထံ ဖော်ထုတ်ခဲ့သလားဆိုတာ မသေချာပါဘူး။

အထူးသဖြင့် ဆိုးလ်ရှားအနေဖြင့် ယူနိုက်တက်အမူဆောင်ချုပ် ဝုဒ်ဝေါ့ဒ်၊ အသင်းပိုင်ရှင်ဂလေဇာမိသားစုတို့အပေါ် ဆန့်ကျင်မှု လုပ်ခဲ့သလား ဆိုတာနဲ့ပက်သက်လို့သူရဲ့ နည်းပြရာထူးက ထင်မှတ်ထားတာထက် ကြာရှည်ခဲ့တာကို ကြည့်ရင် သင်မှန်းဆလို့ရနိုင်ပါတယ်။ ထပ်ပြောရရင် Low profile နဲ့သူကို ကြီးမားတဲ့ အလုပ် ယူနိုက်တက်က ခန့်အပ်ထားတာ မိမိ အလွန်ကံကောင်းတယ်လို့ဆိုးလ်ရှား ယူဆနေခဲ့သလား အောက်မေ့ရပါတယ်။ ဒီအတွက်ကြောင့် အထက်တာဝန်ရှိသူတွေက သူရဲ့ မပြည့်စုံမှုတွေကို ကြိမ်းမောင်းတာထက် သည်းခံခွင့်လွတ်မယ်လို့ယုံကြည်ခဲ့ပါတယ်။

အသင်းပိုင်ရှင်တွေနှင့် ဘုတ်အဖွဲ့ဝင်တွေအပေါ်မှာ  တစ်စုံတစ်ရာ ဆန့်ကျင်ခြင်း မလုပ်တာမို့လီဗာပူး၊ မန်စီးတီးတို့ကို ဂိုးပြတ်ရှုံးပေမယ့် ရာထူးမြဲနေခဲ့တယ်လို့ယူဆလို့ရပါတယ်။ ဒီအချက်တွေကလည်း အမြဲတစေ ပိုင်ရှင်တွေ၊ တာဝန်ရှိသူတွေနဲ့အငြင်းပွားလေ့ရှိတဲ့ အန်တိုနီယို ကွန်တီကို နည်းပြအဖြစ် ဘာကြောင့် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေ မကမ်းလှမ်းခဲ့သလဲဆိုတာ ဆက်စပ်မှု ရှိနေပါတယ်။ အခုဆိုရင် ဆိုးလ်ရှားထွက်ခွာပြီးနောက် ယူုနိုက်တက်ဟာ ဖာဂူဆန် နောက်ပိုင်း ၅ယောက်မြောက် မန်နေဂျာသစ်ကို ရှာဖွေနေပြီ  ဖြစ်ပါတယ်။

အရင်တုန်းက ဖြစ်ရပ်တွေနဲ့ဆက်စပ်ကြည့်မယ်ဆိုရင် ယူနိုက်တက်တာဝန်ရှိသူတွေဟာ ယခုတစ်ကြိမ်မှာလည်း မှန်ကန်တဲ့ နည်းပြတစ်ဦးကို ခန့်အပ်နိုင်အုံးမယ်လို့မထင်မိပါဘူး။