The network connection is lost.

Banner Image

ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်မယ်လို့ အာဆင်နယ်ယုံကြည်

အာဆင်နယ်ဟာ အသင်းရဲ့ကွင်းလယ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီကို ပစ်မှတ်ထားနေပြီး ရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်ကာ လာမယ့် နွေရာသီမှာပဲ ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက ဇူဘီမန်ဒီနဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့ပြီး နွေရာသီမှာ ခေါ်ယူဖို့ သဘောတူညီချက်ရထားခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ရီးရဲလ်မက်ဒရစ်ကလည်း ကစားသမားကို အပြိုင်ခေါ်ယူနိုင်ဖို့ကြိုးစားနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ နဲ့ကမ်းလှမ်းမှုပြုလုပ်လာခဲ့ပါတယ်။ 

The Athletic သတင်းဌာနက အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်ပြီး စပိန်ကွင်းလယ်လူကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားနိုင်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ အဆိုပါသတင်းဌာနရဲ့ ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက "အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီး လာမယ့်နွေရာသီမှာ ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီကို ခေါ်ယူသွားပါလိမ့်မယ်။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေလည်း ရရှိထားပုံလည်းပေါ်ပါတယ်" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဗုဒ္ဓဟူးနေ့အစောပိုင်းသတင်းတွေမှာတော့ အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ ယခုနွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ မီခေးလ်အာတီတာက ဇူဘီမန်ဒီကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် အာဆင်နယ်အနေနဲ့ ပါတေးကို သက်တမ်းတိုးသွားဖို့ မရှိတော့ပါဘူး။ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ဘက်ကို အာရုံစိုက်ထားခြင်းမရှိတဲ့ အာဆင်နယ်ဟာ လာမယ့် ဧပြီလ ၂၉ ရက်နေ့ ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။