
ပွဲဆက်တွေများလွန်းတာကြောင့် အသင်းဟာ မနိုင်ဝန်ထမ်းသလိုဖြစ်နေပြီလို့ဆိုလာတဲ့ မာရှေယာနို
အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက ကြာသပတေးနေ့မှာ စင်စင်နာတီကို ၃-၀ နဲ့ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပွဲဆက်တွေအလွန်များပြားတာကြောင့် အသင်းအနေနဲ့ မနိုင်ဝန်ထမ်းသလိုဖြစ်နေကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
စင်စင်နာတီနဲ့ပွဲစဉ်မှာ တိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီအပါအဝင် မီယာမီကစားသမားအများစုဟာ အတော်လေးပွဲပန်းနေပုံပေါက်ပြီး မက်ဆီအနေနဲ့လည်း ယခုပွဲစဉ်မှာ အသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိခဲ့ပါတယ်။ မကြာသေးမီက မီယာမီဟာ မေဂျာလိဂ်ပွဲစဉ်တွေအပါအဝင်၊ ကွန်ကာကက်ဖ်ချန်ပီယံဖလား၊ ကလပ်ကမ္ဘာ့ဖလား စတဲ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို၊ မကြာခင်မှာလည်း လိဂ်ဖလားပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ပွဲပန်းမှုဒဏ်နဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
စင်စင်နာတီကိုရှုံးနိမ့်ပြီးနောက် မာရှေယာနိုက "ကျွန်တော်တို့က ဒီနေ့မှာ ဒုတိယအကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာမလိုပါဘူး။ ပွဲအစမှာကတည်းက ကျွန်တော်တို့ ဘောလုံးယှဉ်လုဖို့ ရုန်းကန်ခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ မနိုင်ဝန်ထမ်းသလိုဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ လိုချင်တဲ့စွမ်းဆောင်ရည်မျိုးမပြသနိုင်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ကြံ့ခိုင်မှုပြည့်ဝနေပြီး မေဂျာလိဂ်မှာ ၁၁ ပွဲဆက်တိုက်ဝင်ရောက်ကစားထားနိုင်တဲ့မက်ဆီကို ဒီပွဲမှာတော့ စင်စင်နာတီက မလှုပ်နိုင်အောင်ထိန်းချုပ်သွားခဲ့ပြီး ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မီယာမီအတွက် ၄ ပွဲစလုံးပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး မာရှေယာနိုက "ပွဲစတာနဲ့ ပြိုင်ဘက်က ကျွန်တော်တို့ကို ဆက်တိုက်ဖိကစားခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ကစားကွက်ပုံဖော်ဖို့ခက်ခဲ့ပြီး အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့ပါဘူး။ ဒီလိုပုံစံနဲ့ရှုံးရတာ စိုးရိမ်စရာကောင်းပါတယ်။ ကျွန်တော်တို့ ပွဲချိန်တစ်လျှောက်လုံး အောက်ကနေကစားခဲ့ရသလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီမှာ မက်ဆီဟာ မီယာမီအတွက် ခြေစွမ်းပိုမိုပြသလာနိုင်ပြီး မေဂျာလိဂ်မှာ နောက်ဆုံး ၆ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ သွင်းဂိုးမဲ့ခဲ့ပါတယ်။ သို့သော်လည်း မက်ဆီဟာ မီယာမီအတွက်နောက်ဆုံးကစားခဲ့တဲ့ ၁၇ ပွဲမှာ ၁၆ ဂိုးအထိသွင်းယူပေးထားနိုင်ပါသေးတယ်။ တစ်ဖက်မှာနောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ကတော့ ဂိုးပေါက်ပျောက်နေဆဲဖြစ်ပြီး အသင်းအတွက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။
လာမယ့်တနင်္ဂနွေနေ့မှာတော့ မီယာမီဟာ နယူးယော့ခ်ရက်ဒ်ဘူးနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။