
ဘိုချမ်ကို အမှတ်မထင်ရှုံးနိမ့်ခဲ့လို့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တွေကို ဝေဖန်လိုက်တဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုချမ်ကို ၂ ဂိုးအထိဦးဆောင်ပြီးကာမှ ၂-၃ နဲ့ပြန်လည်ရှုံးနိမ့်ခဲ့လို့ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယခုပွဲစဉ်ရဲ့ပထမပိုင်းအတွင်းမှာ ဘိုင်ယန်မြူးနစ်ဟာ ဘိုချမ်ကို ၂ ဂိုးပြတ်အနိုင်ရထားခဲ့ပေမယ့် ကွင်းလယ်လူ ဂျာအိုပယ်လင်ဟာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံလိုက်ရလို့ ဒုတိယပိုင်းတစ်ပိုင်းလုံးကို ကစားသမား ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့တိုက်စစ်မှူး ဆာ့ဂျ်ဂျီနာဘရီကလည်း ပွဲကစားချိန် ၂၂ မိနစ်မှာ ပင်နယ်တီလွဲချော်ခဲ့သေးတာကြောင့် ဘိုင်ယန်အနေနဲ့ အနိုင်ရဖို့ ကံပါမလာခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။
ဘိုချမ်အနေနဲ့ ပထမပိုင်းအတွင်းမှာ ဘိုင်ယန်ကို ချေပဂိုး ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းတစ်ပိုင်းလုံးကို ကစားသမား ၁ ယောက်အသာနဲ့ကစားခဲ့ရတာကြောင့် ဒုတိယချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်လက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ မမျှော်လင့်ဘဲနိုင်ပွဲရခဲ့တာကြောင့် ဘိုချမ်အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာအထိတက်လှမ်းနိုင်ခဲ့ပေမယ့် ဘိုင်ယန်ကတော့ ရမှတ် ၃ မှတ် ဆုံးရှုံးခဲ့လို့ အမှတ်ပေးဇယားဒုတိယနေရာ လေဗာကူဆင်ရဲ့ရှုံးနိမ့်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့ပါဘူး။
ပွဲအပြီးမှာ ကွန်ပနီက “ဘိုချမ်အတွက်ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အတွက်တော့ စိတ်မချမ်းမြေ့စရာပွဲတစ်ပွဲပါ။ ပွဲအစမှာ ခြေစွမ်းကောင်းခဲ့ပေမယ့် မဖြစ်သင့်တဲ့အနီကတ်ပြစ်ဒဏ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကစားသမား ၁၀ ယောက်တည်းနဲ့လည်း ကျွန်တော်တို့ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့သင့်ပါတယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ သရေလောက်တော့ရခဲ့သင့်ပါတယ်။ ဒီရှုံးပွဲအတွက် ကျွန်တော်တို့ ဆင်ခြေတွေပေးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရှုံးခဲ့ပါတယ်”
“ဒီပွဲအတွက် ကစားသမားတွေအားလုံးတာဝန်ယူရပါမယ်။ ရှုံးပွဲကို ပြန်လည်တုံ့ပြန်နိုင်ဖို့တော့ လိုပါတယ်။ ဒီပွဲမှာ မရှုံးအောင် မကစားနိုင်ခဲ့ပါဘူး။ ဘိုချမ်အနေနဲ့ နိုင်ပွဲအတွက်ထိုက်တန်မှုရှိပါတယ်။ အခုချိန်မှာတော့ နောက်ပွဲအတွက် အာရုံစိုက်ထားရပါတော့မယ်” လို့ပြောကြားခဲ့ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် လေဗာကူဆင်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့မှာတော့ ကွန်ပနီရဲ့အသင်းဟာ ၃-၀ နဲ့အနိုင်ရထားခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အတော်လေးအခြေအနေကောင်းနေပါတယ်။