
ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပေမယ့် ရပ်တန့်သွားမှာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ ယာမယ်လ်
ဘာစီလိုနာရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်က အသင်းဟာ အင်တာမီလန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမယ့် ရပ်တန့်သွားမှာမဟုတ်ဘဲ နောက်နှစ်ပြိုင်ပွဲတွေမှာ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာဟာ အင်တာမီလန်ကို ၂-၀ နဲ့ဂိုးပြတ်ရှုံးနိမ့်နေရာမှ ၃ ဂိုးအထိပြန်သွင်းပြီး အနိုင်ရလဒ်ရရှိဖို့ နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း အဆုံးမှာတော့ ၄-၃ နဲ့အရေးနိမ့်ခဲ့ကာ ချန်ပီယံလိဂ်ကို ဆီမီးဖိုင်နယ်အဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
ပွဲအပြီးမှာ အင်စတာဂရမ်မှတစ်ဆင့် ယာမယ်လ်က "ကျွန်တော်တို့ ဒီရာသီမှာ အစွမ်းကုန်ပေးဆပ်ခဲ့ပေမယ့် အကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာမယ်ဆိုတာကိုတော့ သံသယမရှိယုံကြည်ပါတယ်။ ဒီအသင်းနဲ့ထိုက်တန်တဲ့နေရာကို မပို့ပေးနိုင်သေးသရွေ့ ကျွန်တော်တို့ ရပ်တန့်မှာမဟုတ်ပါဘူး။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ နောက်ထပ် ဗိုလ်လုပွဲတစ်ပွဲကစားသွားရပါဦးမယ်။ ကျွန်တော်တို့ စည်းစည်းလုံးလုံးရှိနေဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုအင်တာမီလန်နဲ့ပွဲစဉ်မှာ အသင်းအတွက် တတိမြောက်သွင်းဂိုးကို ရယူပေးခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ဟာကလည်း ပြိုင်ပွဲမှထွက်ခဲ့ရလို့ စိတ်ပျက်မိကြောင်းကို "ကျွန်တော်တို့ ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာမှာပါ။ အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ဒီရာသီက မပြီးသေးပါဘူး။ ဒီအသင်းအင်္ကျီကို ဝတ်ဆင်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒီအသင်းအတွက်ဂုဏ်ယူပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ နောက်ဆုံးကျန်ရှိတဲ့ လာလီဂါအမှတ်ပေးဖလားပြိုင်ပွဲကို အပြည့်အဝအာရုံစိုက်သွားရတော့မှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ ချန်ပီယံဆုကို အနီးစပ်ဆုံးဖိအားပေးနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ကစားသွားရပါမယ်။