ဂျာမန်ဘောလုံးလောကအတွက် မျှော်လင့်ချက်ပေးနိုင်ခဲ့လို့ ဂုဏ်ယူသင့်တယ်လို့ပြောကြားလာတဲ့ တိုနီခရူးစ်
ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ တိုနီခရူးစ်က ယမန်နေ့ညက ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်နဲ့ရင်ဆိုင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ခြင်းက ကြောက်မက်ဖွယ်ခါးသီးမှုဖြစ်တယ်လို့ ဝန်ခံခဲ့သော်လည်း အသင်းအနေနဲ့ ပြိုင်ပွဲတစ်လျှောက်မှာ ချန်ပီယံဖြစ်လောက်တဲ့အထိ ဂျာမန်ဘောလုံးလောကအတွက် မျှော်လင့်ချက်ပေးနိုင်ခဲ့လို့ ဂုဏ်ယူသင့်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အပြီးမှာ ခရူးစ်က "ဒီပွဲက ကျွန်တော်တို့အနေနဲ့ ရလဒ်အရ ရှုံးခဲ့ပေမယ့် အရာအားလုံးကို အရှုံးပေးလိုက်ရတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရမ်းနီးစပ်ခဲ့ပြီးမှ ကျရှုံးခဲ့တာကတော့ ခါးသီးစရာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘောလုံးအဆင့်အတန်းကို တစ်ဆင့်မြှင့်တင်နိုင်ခဲ့တာက ဂုဏ်ယူစရာပါ။ ဂျာမန်ဘောလုံးလောကကို မျှော်လင့်ချက်ပေးနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအဆင့်ထက်တော့ ပိုသင့်လို့ အခုလို ရှုံးနိမ့်မှုက စိတ်ပျက်စရာပါပဲ" "အခုချိန်မှာတော့ မျှော်လင့်သလောက် ဖြစ်မလာလို့ ကျွန်တော်တို့တစ်သင်းလုံး စိတ်ပျက်နေမှာသေချာပါတယ်။ ကျွန်တော်တို့မက်ခဲ့တဲ့အိပ်မက်ဟာ အခုချိန်မှာတော့ အစိပ်စိပ်အမွှာမွှာကွဲကြေသွားပါပြီ။ လာမယ့်ရက်အနည်းငယ်မှာတော့ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲကောင်းတစ်ခုကိုယှဉ်ပြိုင်ခဲ့ရတယ်ဆိုတဲ့ အသိစိတ်ကြီးနဲ့ နေထိုင်သွားရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
တိုနီခရူးစ်ပြောသလိုပဲ ဂျာမနီပရိသတ်တွေဟာ အသင်းရဲ့ ဆက်တိုက်ကျရှုံးမှုတွေကြောင့် နှစ်ပေါင်းများစွာ အယုံအကြည်ကင်းမဲ့နေခဲ့ပြီး ယခုပြိုင်ပွဲအတွင်း ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သလို စပိန်ကို အသာစီးကနေကစားနိုင်ခဲ့လို့ အသင်းအပေါ် မျှော်လင့်ချက်တွေ ပြန်လည်ထားရှိလာခဲ့ပြီလို့ယူဆရပါတယ်။ ယူရိုပြိုင်ပွဲမှာသာမက ကမ္ဘာ့ဖလားမှာပါ ဆက်တိုက်ဆိုသလို ကျရှုံးနေခဲ့တဲ့ ဂျာမနီအနေနဲ့ ဒီပြိုင်ပွဲမှာတော့ ပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့ ဂျာမန်ဘောလုံးလောကရဲ့အဆင့်အတန်းကို ပြန်လည်ပြသနိုင်ခဲ့လို့ ဒီနှစ်ယူရိုပြိုင်ပွဲဟာ အောင်မြင်မှုရရှိခဲ့တဲ့ပြိုင်ပွဲလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။