The network connection is lost.

Banner Image

ဆုဖလား ၃ လုံးရရှိဖို့ အခွင့်အရေးရှိနေတယ်လို့ ဘာစီလိုနာဥက္ကဌပြောကြား

ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာက အသင်းဟာ နည်းပြဟန်ဆီဖလစ်ရဲ့ဦးဆောင်မှုနဲ့အတူ ဆုဖလား ၃ လုံးဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိနေပြီး ဆွတ်ခူးနိုင်မယ်လို့လည်း ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နံနက်က မာယော့ကာကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အတော်လေးအထင်ကြီးစရာကောင်းနေပြီး လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ရုံမက ကိုပါဒယ်ရေးဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွေကိုလည်း တက်ရောက်ထားနိုင်တာဖြစ်ပါတယ်။ 

ဒါကြောင့် ဘာစီလိုနာအတွက် ဆုဖလား ၃ လုံးအိပ်မက်ဟာ လက်တစ်ကမ်းအကွာမှာပဲရှိနေတယ်လို့ ဆိုရမှာဖြစ်ပြီး ရာသီကုန်မှာ ဘယ်လောက်အထိ အောင်မြင်မှုတွေ ရရှိသွားနိုင်မလဲ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ယခုအခါမှာ ဂျိုအန်လာပေါ်တာကလည်း အသင်းဟာ ရာသီကုန်မှာ ဆုဖလားအားလုံးကို သိမ်းပိုက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

လာပေါ်တာက "လက်ရှိအသင်းရဲ့အငွေ့အသက်က အရမ်းကောင်းနေပါတယ်။ ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေပြီး ဒါကို မြင်တွေ့ရတာ ဝမ်းသာစရာပါ။ ဘာစီလိုနာပရိသတ်တွေလုပ်ဖို့လိုတာက အသင်းရဲ့နည်းပြနဲ့ ကစားသမားတွေကို ယုံကြည်ဖို့ပါပဲ။ ဟန်ဆီဖလစ်ရဲ့ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့ ဒီရာသီမှာ ဆုဖလား ၃ လုံးဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အသင်းက ကစားတာအရမ်းကောင်းနေပေမယ့် အခုချိန်အထိတော့ အောင်မြင်မှုမရသေးပါဘူး"

" ဗိုလ်လုပွဲဆိုတာ အကြွေစေ့တစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းအပေါ်မှာ ယုံကြည်ချက်ရှိပါတယ်။ ကစားသမားတွေနဲ့ နည်းပြကို ကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ကတော့ ဆုဖလား ၃ လုံးမျှော်လင့်ချက်နဲ့ပတ်သက်ပြီး အာရုံထားနေပုံမပေါ်ဘဲ ပွဲစဉ်တစ်ပွဲချင်းစီကိုသာ အာရုံစိုက်နေတာဖြစ်ပါတယ်။ သို့သော်လည်း ပွဲစဉ်တိုင်းမှာ အနိုင်ရဖို့ ကြိုးစားနေတာကြောင့် ဘာစီလိုနာအနေနဲ့ ဆုဖလား ၃ လုံးမျှော်လင့်ချက်နဲ့ တဖြည်းဖြည်းနီးစပ်လာပြီလို့ဆိုရမှာဖြစ်ပါတယ်။