
မက်ဆီအနားယူဖို့အတွက် အချိန်သီးသန့်လိုအပ်တယ်လို့ ပြောကြားလာတဲ့ မာရှေယာနို
အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက နယူးအင်္ဂလန်ကို ၁-၂ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်အပြီးမှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို အနားယူဖို့အတွက် အချိန်သီးသန့်ပေးဖို့လိုအပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မက်ဆီဟာ ပွဲအစကနေ အဆုံးအထိဝင်ရောက်ကစားခဲ့တာဖြစ်ပြီး အရေးပါတဲ့သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ပွဲစဉ်အများစုမှာဝင်ရောက်ကစားထားတဲ့ မက်ဆီကို အနားပေးသွားဖို့လိုအပ်တယ်လို့ နည်းပြမာရှေယာနိုက ဆိုပါတယ်။
မာရှေယာနိုက "ကျွန်တော်တို့ရဲ့ပထမစီစဉ်ထားတာက ဒီပွဲမှာ သူ့ကိုအနားပေးဖို့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ၂ ဂိုးဦးဆောင်ထားချိန်မှာ ပြိုင်ဘက်က တစ်ဂိုးပြန်သွင်းလိုက်တော့ သူ့ကို ပွဲပြီးတဲ့အထိသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာတော့ သူ့အတွက်အနားယူချိန်ပေးဖို့ ကျွန်တော်တို့ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ မက်ဆီဟာ ၁၅ ပွဲအထိဝင်ရောက်ကစားပြီး ပွဲစဉ်တိုင်းကို အစအဆုံးပါဝင်ကစားခဲ့ကာ မတ်လ ၁၉ ရက်နေ့က ဖီလာဒယ်ဖီယာနဲ့ပွဲမှာသာ လူစားလဲခံထားခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာဒဏ်ရာရခဲ့တဲ့ အသင်းရဲ့ဂိုးသမား အော်စကာအက်စ်ထရီနဲ့ပတ်သက်ပြီးတော့လည်း မာရှေယာနိုက "သူ့ရဲ့ဒဏ်ရာကမပြင်းထန်ပါဘူး။ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ အကဲဖြတ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် မီယာမီဟာ မေဂျာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရပ်တည်ထားခဲ့ပြီး ပွဲကျန် ၃ ပွဲစလုံးကိုသာအနိုင်ရမယ်ဆိုပါက ဒုတိယနေရာအထိ တက်လှမ်းသွားနိုင်ချေရှိနေပါတယ်။ မက်ဆီအနေနဲ့လည်း ယခုအခါမှာ အင်တာမီယာမီအတွက် စုစုပေါင်း ၅၄ ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေကာ ဒုတိယနေရာက လူးဝစ်ဆွာရက်ဇ်ကို ဂိုး ၂၀ အထိ အသာရထားပြီဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ နာရှဗီလီကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားမလားစောင့်ကြည့်ရပါမယ်။