
အာနိုးလ်ကို ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်လို့ ဖွင့်ဟလာတဲ့ အန်းစလော့
အန်းစလော့က အာနိုးလ်ကို အသင်းမှာဆက်ထိန်းထားနိုင်ရေးအတွက် အသင်းတာဝန်ရှိသူတွေ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လိုတဲ့ ကစားသမားရဲ့ဆန္ဒကို မတားဆီးနိုင်ခဲ့ဘူးလို့ ရှင်းပြလာပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာပဲ အသင်းမှထွက်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့ အာနိုးလ်နဲ့ပတ်သက်လို့ အန်းစလော့က စိန်ခေါ်မှုအသစ်တစ်ခုနဲ့ရင်ဆိုင်ချင်သူကို ဆက်ထိန်းထားနိုင်ဖို့ ကလပ်အသင်းဘက်မှ ဘယ်လိုမှမစွမ်းသာခဲ့ဘူးလို့ ပြောဆိုရင်း ငယ်မွေးခြံပေါက် လက်ထောက်ကပ္ပတိန်ရဲ့ဆုံးဖြတ်ချက်အပေါ် လီဗာပူးအသင်းပရိသတ်တွေ နားလည်လက်ခံပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အာနိုးလ်က ကြိုးကြာနီတွေနဲ့အတူ နှစ်ပေါင်း ၂၀ ကျော်ကြာ အတူရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံနှစ်ကြိမ်မှ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ကလပ်ချန်ပီယံအောင်ပွဲအထိ ဆုဖလားတိုင်းကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာပဲ အသင်းမှ အာနိုးလ်ထွက်ခွာသွားလိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ လပေါင်းများစွာကြာ တည်ရှိခဲ့ဖူးပါတယ်။ ဒီအချက်ကိုတော့ အခုသီတင်းပတ်အစောပိုင်းမှာပဲ ဆိုရှယ်မီဒီယာမှတဆင့် အာနိုးလ်ကိုယ်တိုင် အတည်ပြုပေးခဲ့ပါတယ်။
ဒတ်ချ်လူမျိုးအန်းစလော့ကတော့ အသင်းရဲ့ညာအစွန်ခံစစ်အတွက် အာနိုးလ်နေရာဆက်ခံသူအဖြစ် အသက်-၂၁ နှစ်အရွယ်ကော်နာဘရက်ဒလေကို ရွေးချယ်ခဲ့ပြီး မြောက်အိုင်ယာလန်လက်ရွေးစင်ရဲ့ တောင်ပံတလျှောက် အတက်အဆင်းမှန်မှန် ပြေးလွှားကစားပေးမှုကြောင့် လီဗာပူးအသင်း လုံလုံခြုံခြုံဆက်ရှိနေလိမ့်မယ်လို့ ဆွေးနွေးခဲ့ပါတယ်။
အန်းစလော့က “ စပါယ်ရှယ်ကလပ်အသင်းတစ်ခုဆီမှ ထွက်ခွာသွားတဲ့ ကစားသမားစာရင်းမှာ အာနိုးလ်က ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်း မဟုတ်ပါဘူး။ သူ့ကိုဆက်ထိန်းထားနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒီနောက်မှာတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လက်ခံသွားရပါမယ်။ လိဂ်တစ်ခုတည်းမှာပဲ နှစ်ပေါင်းများစွာကြာ ဖြတ်သန်းပြီးပြီဆိုရင် ကစားသမားအချို့ဟာ အတွေ့အကြုံသစ် လိုလားတက်လို့ စိန်ခေါ်မှုအသစ်တစ်ခု အာနိုးလ်လိုချင်နေတယ်ဆိုတာကို နားလည်ပေးနိုင်ရပါမယ်။
ဒါက ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ သူ့ကို လက်လွှတ်ရတော့မယ့် ကျွန်တော့်အတွက် စိတ်ပျက်စရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က လူတော်လူကောင်းခံစစ်အစွန်ကစားသမားတစ်ဦးကို ဆုံးရှုံးရပါတော့မယ်။ ဘရက်ဒလေမှာလည်း အားပါပြင်းထန်တဲ့ ကစားဟန်မျိုး ရှိပါတယ်။ ကစားသမားတွေအကုန်လုံး အတော်လေးပြေးနိုင်လွှားနိုင်ပေမယ့် ဘရက်ဒလေမှာ သူ့ကိုယ်ပိုင်ကစားဟန်မျိုး ရှိပါတယ်။ သူ့ရဲ့ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ဖို့ အစီအစဉ်တစ်ခုနဲ့ အချိန်တစ်ခု လိုအပ်ပါတယ်”လို့ ဆိုပါတယ်။
လီဗာပူးအသင်းက အန်းစလော့အတွက် ပထမဆုံးပရီးမီးယားလိဂ်ဆုဖလား၊ အာနိုးလ်အတွက် ဒုတိယမြောက်ပရီးမီးယားလိဂ်ဆုဖလားရရှိစေမယ့် ဘောလုံးရာသီအဆုံးမသတ်ခင် ချန်ပီယံပြေးလမ်းထက် အချိန်အကြာကြီးယှဉ်ပြိုင်ခဲ့ဖူးတဲ့ အာဆင်နယ်ကို မနက်ဖြန်(တနင်္ဂနွေနေ့)၊ အန်ဖီးလ်မှာ ဧည့်ခံကစားရပါမယ်။ အသက်-၂၆ နှစ်အရွယ်ကစားသမားကတော့ ဇွန် ၃၀ ရက်၊ စာချုပ်သက်တမ်းပြည့်မြောက်ချိန်မှာ ဘော်ဒါကြီး ဘယ်လင်ဟမ်ရှိနေမယ့် ရီးရဲလ်မက်ဒရစ်ဆီပူးပေါင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်မှာသာ အစီအစဉ်ရှိထားမယ်ဆိုရင် ဒီထက်ပိုပြီးတော့လည်း အချိန်စောသွားနိုင်ပါတယ်။