The network connection is lost.

Banner Image

အန်ဖီးလ်ကွင်းပွဲစဉ်အတွင်း ဂတ်ပိုနဲ့ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်တဲ့ တင်ဘာ

အာဆင်နယ်ကြယ်ပွင့်တင်ဘာက အန်ဖီးလ်ကွင်းမှာ ဂန်းနားတို့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးကစားသမား ဂတ်ပိုနဲ့ ထိပ်တိုက်တွေ့ဆုံမှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လီဗာပူးအသင်းဘယ်တောင်ပံတိုက်စစ်နေရာမှာ ဂတ်ပိုပွဲထွက်လာချိန် တင်ဘာက အာဆင်နယ်ရဲ့ ညာနောက်ခံလူနေရာအတွက် တာဝန်ကျခဲ့လို့ ဒီကစားသမားနှစ်ဦးလုံး ပြီးခဲ့တဲ့သတင်းပတ်ကုန်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း ဂတ်ပိုရဲ့တန်ပြန်တိုက်စစ်စတင်မှုအပေါ် နောက်မှဆွဲထားခဲ့လို့ နှစ်ဦးလုံး အနည်းငယ်အချင်းများခဲ့ပြီး ကွင်းလယ်ဒိုင်က တင်ဘာကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဒတ်ချ်ကစားသမားနှစ်ဦးလုံးက ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့သလို ကွင်းဘေးစည်းမှာလည်း အာဆင်နယ်နည်းပြအာတီတာရဲ့ဒေါသအိုးပေါက်ကွဲမှု ကို မြင်တွေ့ခဲ့ရပါတယ်။

အခုလိုတဒင်္ဂအဖြစ်အပျက်ရှိခဲ့ပေမယ့် တင်ဘာက ခေတ္တမျှနားလည်မှုလွဲခြင်းသာဖြစ်ပြီး စိတ်မဆိုးမိပါဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ဆိုဘိုဆလိုင်းရဲ့ပွဲချိန်နှောင်းပိုင်းအံ့ဖွယ်ဖရီးကစ်သွင်းဂိုးနဲ့အတူ လီဗာပူးက အာဆင်နယ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ တင်ဘာကတော့ ထိပ်တိုက်တွေ့ဆုံမှုရဲ့သဘောဘဘာဝကို အလျှင်အမြန်ရှင်းချက်ထုတ်ပေးခဲ့ပြီး နားလည်မှုလွဲခြင်းထက် ဘာမှမပိုပါဘူးလို့ အလေးအနက်ထားပြောကြားခဲ့ပါတယ်။

တင်ဘာက “ ကျွန်တော်နဲ့ ဂတ်ပိုကြားမှာ တဒင်္ဂအဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။ အဓိကကတော့ နားလည်မှုလွဲသွားတာပါပဲ။ ကျွန်တော်လည်း ကြွက်တက်နေလို့ ရုန်းကန်ခဲ့ရပါတယ်။ နယ်သာလန်ဆီ ပြန်လာတဲ့လေယာဉ်ပေါ်မှာတော့ ကျွန်တော်တို့နှစ်ဦးလုံး ဒီအကြောင်းပြန်ပြောပြီး ရယ်ခဲ့ကြပါသေးတယ်။ ဂတ်ပိုနဲ့ ကျွန်တော် ရန်မဖြစ်ပါဘူး။ ကျွန်တော်တို့အချင်းချင်းကြားမှာ ရင်းနှီးမှုရှိပါတယ်။ ကျွန်တော်တို့က အခြားသောဒတ်ချ်လက်ရွေးစင် ပရီးမီးယားလိဂ်ကစားသမား ၁၄ ဦးလိုပါပဲ။ လိဂ်ပွဲစဉ်တိုင်းနီးပါး အသင်းဖော်တွေနဲ့ ပြန်ဆုံတွေ့ရတာ ပျော်စရာကောင်းပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တင်ဘာက ကလပ်အသင်းပွဲစဉ်တွေမှာ ရင်းနှီးနေသူတွေကို ပြန်လည်မြင်တွေ့ရခြင်းကြောင့် နယ်သာလန်လက်ရွေးစင်အသင်းရဲ့ပတ်ဝန်းကျင်မှာ ပိုမိုပျော်ရွှင်စရာကောင်းလာပြီး စည်းလုံးမှုရှိစေတယ်လို့ ပြောကြားခဲ့ပါတယ်။ သူက “ ဒီအကြောင်းအရာတွေကို နယ်သာလန်လက်ရွေးစင်အသင်းမှာ ပြောဆိုရတာ ပိုပျော်စရာကောင်းပါတယ်။ လီဗာပူးနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့လို့ အစွန်းအထင်းတော့ ရှိသွားတာပေါ့။ ဒါပေမဲ့ လက်ရှိအာဆင်နယ်အသင်းက ဆယ်စုနှစ်, နှစ်ခုကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။