ကွင်းလယ်ဒိုင်ဟာ စိတ်လှုပ်ရှားကြောက်ရွံ့နေပုံရတယ်လို့ ပြောဆိုလိုက်တဲ့ ဗန်ဒိုက်
လီဗာပူးနဲ့ ဖူလ်ဟမ်တို့ရဲ့ကသောင်းကနင်းပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုကို ကိုင်တွယ်ရမှုနဲ့အတူ ကွင်းလယ်ဒိုင် တိုနီဟာရင်တန်ဟာ စိတ်လှုပ်ရှားကြောက်ရွံ့နေပုံရတယ်လို့ ဗန်ဒိုက်က ပြောပါတယ်။
အခုပွဲစဉ်ရဲ့ကနဦးမိနစ် ၂၀ အတွင်းမှာပဲ ကွင်းလယ်ဒိုင်က အဝါကတ်သုံးကတ်နဲ့အတူ ရော်ဘတ်ဆန်ကိုလည်း တိုက်ရိုက်အနီကတ်ပြသကာ ကွင်းတွင်းမှထုတ်ပယ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ကစားသမားတစ်ဦးကို အခုပွဲစဉ်အတွက် လေးကြိမ်မြောက်အဝါကတ်ပြခဲ့သလို လီဗာပူးအသင်းနည်းပြအန်းစလော့ကိုလည်း အဝါကတ်ပြသခဲ့လို့ အနီရောင်တပ်သားတွေရဲ့ဦးဆောင်သူအတွက် တစ်ပွဲပယ်ပြစ်ဒဏ် ပေါ်ပေါက်လာခဲ့ပါတယ်။
ဗန်ဒိုက်ကတော့ သူတို့အသင်းဟာ အခက်အခဲတွေအကြား အကောင်းဆုံးပြန်လာနိုင်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် အခုပွဲစဉ်အတွက် ကွင်းလယ်ဒိုင်ရဲ့အခန်းကဏ္ဍကိုလည်း သုံးသပ်သွားခဲ့ပါတယ်။ ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဗဟိုခံစစ်မှူးက “ ပွဲအပြီးမှာ ဖူလ်ဟမ်ကစားသမားတွေနဲ့ ကျွန်တော် စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်မှာ စိတ်လှုပ်ရှားကြောက်ရွံ့နေပုံရတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော်တို့အားလုံးရရှိခဲ့ပါတယ်။ သူက အရင်ဦးဆုံး ရော်ဘတ်ဆန်နဲ့လည်း ကောင်းကောင်းစကားမပြောဖြစ်ဘူးလို့ ကျွန်တော်ခံစားမိပါတယ်။ ကျွန်တော်တို့တွေ ကွင်းလယ်ဒိုင်ကို အပြစ်မတင်ပါဘူး။
ကျွန်တော်တို့အားလုံး ကွင်းလယ်ဒိုင်ကို ကာကွယ်ပေးရမယ့်အကြောင်းပဲ ပြောဖြစ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တောင် သူနဲ့စကားမပြောနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်း ရမှတ်တွေ ဆုံးရှုံးခဲ့တာက သူ့ကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ဒါက ကိစ္စကြီးတစ်ရပ်တော့ မဖြစ်သင့်ပါဘူး”လို့ ပြောပါတယ်။
လတ်တလောမှာ ပြိုင်ပွဲစုံ ၁၉ ပွဲဆက် ရှုံးပွဲမရှိအောင်ကစားထားနိုင်တဲ့ မာဆေးဆိုဒ်ကလပ်အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆောက်သမ်တန်နဲ့ ကာရာဘောင်းဖလားပွဲစဉ်ယှဉ်ပြိုင်ပြီးနောက် တော့တင်ဟမ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။