
ပီအက်စ်ဂျီကို အိမ်ကွင်းမှာ အခွင့်အရေးယူသွားမယ်လို့ဆိုလာတဲ့ အမ်မရီ
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၃-၁ နဲ့အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့အိမ်ကွင်းမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အခွင့်အရေးရအောင်ယူပြီး အသာရအောင်ကစားသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပထမအကျော့ပြင်သစ်မြေမှာ အက်စတွန်ဗီလာဟာ မော်ဂန်ရော်ဂျာစ်ရဲ့သွင်းဂိုးနဲ့ ပီအက်စ်ဂျီကို ၀-၁ နဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ၃ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာ အူနိုင်းအမ်မရီက “ပီအက်စ်ဂျီက အဝေးကွင်းပွဲစဉ်တွေကစားရာမှာ အတွေ့အကြုံတွေ့ရှိပါတယ်။ သူတို့က ပြင်သစ်မှာရော ဥရောပမှာ ပွဲစဉ်တွေအများကြီးကစားထားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အဝေးကွင်းပွဲစဉ် အတွေ့အကြုံတွေရှိပါတယ်”
“ကျွန်တော်တို့အိမ်ကွင်းပရိသတ်တွေနဲ့ ချိတ်ဆက်ပြီး စွမ်းအင်ရရှိအောင်လုပ်သွားပါမယ်။တကယ်လို့ ကစားသမားတွေနဲ့ ပရိသတ်တွေအကြား ချိတ်ဆက်မှုတွေပြုလုပ်နိုင်မယ်ဆိုရင် နည်းဗျူဟာအရရော၊ ခြေစွမ်းအရပါ ကောင်းတာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့ကို အများကြီးအကူအညီပေးနိုင်မှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အမ်မရီက အသင်းဟာ ရလဒ်ကောင်းလိုအပ်ကြောင်းကို “ကျွန်တော်တို့ရဲ့မျှော်လင့်ချက်က ရလဒ်ကောင်းရရှိဖို့ပါပဲ။ ၃-၁ နဲ့ရှုံးနိမ့်ခဲ့တာက ပြောင်းလဲမှုကြီးကြီးမားမားဖြစ်စေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုရလဒ်ပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ကျွန်တော်တို့က အိမ်ကွင်းမှာ အနိုင်ကစားမှာမို့လို့ပါပဲ။ မိနစ် ၉၀ လုံး တသမတ်တည်းဖြစ်တဲ့ခြေစွမ်းကို ထိန်းသိမ်းသွားဖို့ ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။