အသင်းအား ပြန်လည်တည်ဆောက်ရေးအတွက် INEOS ရဲ့လုပ်ဆောင်မှုအပေါ် ဝေဖန်လိုက်တဲ့ ဝါရင့်ကစားသမား ဂျွန်နီအီဗန်
INEOS ဟာ ယူနိုက်တက်ရဲ့နောက်ကွယ်က နေရာတွေအတွက် အကြီးအကျယ်ပြောင်းလဲနေတာဖြစ်ပြီး ကလပ်ရှိ ပြောင်းလဲမှုတွေအပေါ် အီဗန်က ပြောကြားလိုက်ပါတယ်။
ဗြိတိန်ဘီလီယံနာ ဆာဂျင်ရက်ဖ်ကလစ်ဦးဆောင်တဲ့ INEOS ဟာ ယူနိုက်တက်ရဲ့ရှယ်ယာအနည်းငယ်ကို ဂလေဇာမိသားစုထံမှ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဝယ်ယူခဲ့ပြီးကလပ်ရဲ့ အားကစားဆိုင်ရာ လုပ်ဆောင်မှုတွေကို ထိန်းချုပ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ အသင်းကို စတင်ပြင်ဆင်ပြောင်းလဲနေတာဖြစ်ပြီး အသင်းရဲ့ကုန်ကျစရိတ်တော်တော်များများကို လျော့ချဖို့လုပ်နေတာဖြစ်ပါတယ်။ အသက် ၉နှစ် အရွယ်ကတည်းက ယူနိုက်တက်မှာရှိနေခဲ့တဲ့ အီဗန်က အရင်ကသိကျွမ်းခဲ့သူတွေအများကြီးနဲ့ ခွဲခွာရတာက တော်တော်လေး ခက်ခဲပါတယ်လို့ ပြောကြားထားပါတယ်။
မီဒီယာသို့ အီဗန်က "လွန်ခဲ့တဲ့ ၂ ပတ်လောက်မှာ တော်တော်များများက အလုပ်တွေဆုံးရှုံးခဲ့ကြရပါတယ်။ ဒါတွေကို မြင်ရတာက တော်တော်လေးခက်ခဲပါတယ်။ ပိုင်ရှင်သစ်တွေကတော့ သူတို့ရဲ့လမ်းညွှန်ချက်တွေအတိုင်း ဆက်လက်သွားနေတာပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ဒီလိုဖြစ်လာတာက အားလုံးအတွက်တော့ မလွယ်ကူပါဘူး""အဲ့ဒီမှာ နှစ် ၂၀ လောက် သိကျွမ်းခဲ့သူတွေရှိသလို ကျွန်တော်တို့တွေ ရာသီကြိုခရီးထွက်နေတဲ့အချိန်မှာ အချိန်ကိုက်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့က စိတ်မကောင်းဖြစ်မိပြီး ဒါတွေအားလုံးက စီစဉ်ပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ပြန်ရောက်လာတဲ့အခါ တော်တော်လေးကို ရှင်းလင်းသွားမှာပါ" "ခက်ခဲတဲ့အရာတွေကို တွေ့မြင်ခဲ့ရတာပါ။ ကျွန်တော်အရင်ကတည်းက သိခဲ့တဲ့သူတွေလည်း ပါဝင်နေပါတယ်။ ယူနိုက်တက်လိုအသင်းကြီးမှာ အတူတူလုပ်ခဲ့ကြပြီး အားလုံးလည်းပေးဆပ်ပြီးလုပ်ခဲ့ကြသလို ဒါဟာ များပြားတဲ့ ဝန်ထမ်းဦးရေလည်းဖြစ်ပါတယ်။ ဒါဟာ ကလပ်ရဲ့ယဉ်ကျေးမှုလည်းဖြစ်ပါတယ်"
"ကလပ်အတွက် ကြီးမားတဲ့ဝန်ထမ်းဦးရေဖြစ်ပေမယ့် ကျွန်တော်တို့ မိသားစုတွေက ဒီမှာ အလုပ်လုပ်နေကြတာပါ။ ကျွန်တော့်အမျိုးသမီးလည်း ဒီမှာ အလုပ်လုပ်နေသလို ကျွန်တော့်အကိုနဲ့ အဖေကလည်း ကလပ်မှာ လုပ်ခဲ့တာပါ" "သူတို့တွေအားလုံးက ကလပ်အတွက် ပေးဆပ်အလုပ်လုပ်ခဲ့ကြတာကြောင့် အားလုံးကို ချီးကျူးရမှာဖြစ်ပါတယ်။ ဒါဟာ သူတို့တွေက ကလပ်ကိုချစ်မြတ်နိုးလို့ဖြစ်ပါတယ်" လို့ ပြောပါတယ်။
Interpath အကြံပေးအဖွဲ့ရဲ့ အကြံပေးမှုကို ရယူခဲ့ပြီးနောက် လာမယ့်ရာသီအတွက် အသင်းရှိဝန်ထမ်းပေါင်း ၁၁၁၂ ဦးကနေ ၂၅၀ လောက်ကို လျော့ချဖို့အတါက် INEOS နှင့် ရက်ဖ်ကလစ်တို့က ဒီလအစောပိုင်းမှာ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အခြားသောပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ နှိုင်းယှဉ်ပါက ဝန်ထမ်းအင်အား များပြားနေပြီး ဒါကြောင့် ကုန်ကျစရိတ်များ လျော့ချနိုင်ဖို့အတွက် ဝန်ထမ်းတွေကို လျော့ချဖို့ လိုအပ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်နှင့်အတူရှိခဲ့တဲ့ အီဗန်အတွက်လည်း အတူတူပဲဖြစ်ကာ ကလပ်ဟာ အသက် ၃၆ နှစ်အရွယ် ကစားသမားကို ၁ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ် ရာသီသစ်မစတင်မီမှာ ဝန်ထမ်းပေါင်း ၂၅၀ လောက်က အလုပ်ကနေ ရပ်နားခြင်းခံရတော့မှာဖြစ်ပါတယ်။