
ဖလူမီနိစ်နဲ့ပွဲစဉ်အတွင်း ရာသီဥတုအပူချိန်ကြောင့် မူးလဲမလိုဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ အန်ဇိုဖာနန်ဒက်ဇ်
ဖလူမီနိစ်နဲ့ရင်ဆိုင်ရတဲ့ ချဲလ်ဆီးအသင်းရဲ့ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွင်း အလွန်အန္တရာယ်များလွန်းတဲ့ အပူချိန်ကြောင့် မူးမေ့လဲလုနီးပါးဖြစ်ခဲ့တယ်လို့ အန်ဇိုဖာနန်ဒက်ဇ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဖလူးမီနိစ်နဲ့ပွဲစဉ်အတွင်း နေ့အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယက်အထိ မြင့်တက်လာမှုကြောင့် ပွဲစဉ်တာဝန်ရှိသူတွေက ပွဲကစားချိန်အတွင်း Cooling Brake တွေပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အင်္ဂါနေ့၊ MetLife Stadium အတွင်း ပြင်းထန်လှတဲ့ရာသီဥတုအပူချိန်နဲ့ရင်ဆိုင်ရပြီးနောက် အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ ဆေးကုသမှုခံယူခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အလွန်ပြင်းထန်လှတဲ့ရာသီဥတုအောက်မှာ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ပွဲစဉ်တွေကို လက်ခံကျင်းပတဲ့ စိတ်ကူးအပေါ် မေးခွန်းထုတ်လာမှုများစွာနဲ့အတူ ကြားသိရသူတိုင်းအတွက် မျက်ခုံးပင့်စရာ ဖြစ်လာခဲ့ပါတယ်။ သောကြာနေ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ အန်ဇိုဖာနန်ဒက်ဇ်က သူ့အတွေ့အကြုံကိုပြန်ပြောပြဖို့ အဆင်သင့်ပြင်လာခဲ့ပါတယ်။
သူက “ အခုလိုမေးခွန်းမျိုးမေးမြန်းပေးလို့ ကျေးဇူးတင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အပူချိန်က မယုံကြည်နိုင်လောက်အောင် ပြင်းထန်ပါတယ်။ ပွဲကစားချိန်အတွင်းမှာလည်း ကျွန်တော်ကိုယ်တိုင် ခေါင်းနည်းနည်းမူးလာလို့ ကွင်းမျက်နှာပြင်ပေါ် လဲချခဲ့ရပါတယ်။ ဒီလိုအပူချိန်မျိုးအောက်မှာ ပွဲကစားရတာ အလွန်အန္တရာယ်များပါတယ်”လို့ ပြောပါတယ်။ဒါ့အပြင် အန်ဇိုဖာနန်ဒက်ဇ်က အခုလိုအခြေအနေတွေကြောင့် ကစားသမားတွေတင်မက ဘောလုံးပြိုင်ပွဲရဲ့ အရည်အသွေးကိုလည်း ထိခိုက်စေတယ်လို့ သုံးသပ်ခဲ့ပါတယ်။
သူက “ ပွဲစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ကွင်းတွင်းဝင်ရောက်အားပေးလာသူ ပရိသတ်တွေအတွက်ရော၊ အိမ်မှာ စောင့်ကြည့်နေတဲ့ ပရိသတ်တွေအတွက်ပါ သက်ရောက်မှုရှိပါတယ်။ ပွဲစဉ်ရဲ့အရှိန်အဟုန်လည်း မတူတော့ပါဘူး။ အရာရာတိုင်းဟာ တဖြည်းဖြည်းနှေးကွေးသွားပါတယ်”လို့ ဆိုပါတယ်။
ဘောလုံးပြက္ခဒိန်မှာ ဖိအားဆက်တိုးစေဖို့အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ထည့်သွင်းခဲ့တဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်နဲ့အတူ အန်ဇိုဖာနန်ဒက်ဇ်က အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပွဲစတင်ချိန်တွေကို ပြန်လည်သုံးသပ်ပေးကြဖို့ တာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့ပါတယ်။
သူက “ အနည်းဆုံးတော့ ပြိုင်ပွဲအချိန်ဇယားကို တာဝန်ရှိသူတွေ ပြောင်းလဲပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆိုရင် ပိုပြီးသင့်လျော်မှန်ကန်ပါလိမ့်မယ်။ ဘောလုံးကိုယ်တိုင်လည်း လှပပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါလိမ့်မယ်”လို့ အကြံပြုပါတယ်။
တိုက်စစ်မှူးသစ်ဂျော်အိုပက်ဒရိုရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဖလူမီနိစ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးက ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်မှာ လက်ရှိဥရောပချန်ပီယံပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရပါမယ်။ ဒီဗိုလ်လုပွဲကြီးကို အပူချိန်မြင့်မားနေဦးမယ်လို့ ယူဆရတဲ့ တနင်္ဂနွေနေ့၊ မွန်းလွဲ ၃ နာရီ၊ MetLife Stadium မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ထိပ်သီးအချင်းချင်းထိပ်တိုက်တွေ့ဆုံချိန် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သွားရနိုင်လို့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိနေပါသေးတယ်။