
ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပြီးနောက် လက်စတာပရိသတ်တွေကို ဗာဒီတောင်းပန်
လီဗာပူးကို ၀-၁ နဲ့အရေးနိမ့်ကာ ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပြီးနောက် လက်စတာအသင်းခေါင်းဆောင် ဂျေမီဗာဒီက အသင်းရဲ့ပရိသတ်တွေကို တောင်းပန်စကားဆိုလာခဲ့ပြီး အရှက်ရမိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ လီဗာပူးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ လက်စတာဟာ ၃ နှစ်အတွင်း ချန်ပီယံရှစ်သို့ ၂ ကြိမ်မြောက်တန်းဆင်းခဲ့တာလည်းဖြစ်ပါတယ်။ ယခုအခါမှာ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဗာဒီက "ဒီရာသီက ဘယ်လောက်အထိစိတ်ပျက်ဖို့ကောင်းပြီး ဒေါသထွက်ရတယ်ဆိုတာ စကားနဲ့တောင်ဖော်ပြလို့မရပါဘူး။ ပြီးတော့ ဒီအတွက် ဆင်ခြေတွေလည်း ပေးသွားမှာမဟုတ်ပါဘူး"
"ဒီကလပ်မှာ အချိန်အကြာကြီးနေထိုင်ခဲ့ပြီး အောင်မြင်မှုတွေ၊ အနိမ့်အမြင့်အတက်အကျပေါင်းစုံတွေနဲ့ ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒီရာသီကတော့ စိတ်ပျက်စရာအတော်လေးကောင်းပါတယ်။ အရှက်လည်းရမိပါတယ်။ စိတ်ထဲမှာနာကျင်ရပြီး ပရိသတ်တွေအနေနဲ့လည်း ဒီလိုပဲခံစားနေရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့လို့ တောင်းပန်ပါတယ်" လို့ရေးသားမျှဝေခဲ့ပါတယ်။
ဗာဒီဟာ လက်စတာရဲ့ ၂၀၁၅-၁၆ ခုနှစ် ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှုမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားဟာ ၂၀၁၆-၁၇ မှာ လက်စတာနဲ့အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ခဲ့ပြီး ၂၀၂၁ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ လက်စတာဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေကာ ၃၃ ပွဲကစား ရမှတ် ၁၈ မှတ်သာစုဆောင်းထားနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အကြာက လက်စတာဟာ ရမှတ် ၃၄ မှတ်အထိရရှိပြီးမှ တန်းဆင်းခဲ့ပေမယ့် ယခုနှစ်ရာသီမှာတော့ အဆိုပါ ရမှတ်အထိ စုဆောင်းနိုင်ဖို့ အလားအလာမရှိတော့ပါဘူး။ ၂၀၁၂ ခုနှစ်မှာ ဖလိဝုဒ်မှ လက်စတာသို့ စတင်ပြောင်းရွှေ့ခဲ့တဲ့ ဗာဒီဟာ အသင်းအတွက် စုစုပေါင်း ၄၉၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ဖလားကို ဆွတ်ခူးရာမှာ ဗာဒီဟာ လက်စတာအတွက် ၁၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ ၇ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။