The network connection is lost.

Banner Image

အာနိုးလ်ရဲ့အပြောင်းအရွှေ့က သူတို့နဲ့မတူညီတဲ့သီးခြားကိစ္စသာဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က သူနဲ့ မိုဆာလက်တို့ရဲ့ စာချုပ်သစ်ချုပ်ဆိုမှုအခြေအနေကို အာနိုးလ်ရဲ့ဆုံးဖြတ်ချက်နဲ့ နှိုင်းယှဉ်လိုက်တာမျိုး မဖြစ်သင့်ဘူးလို့ ယုံကြည်နေပါတယ်။ မိုဆာလက်နဲ့ ဗန်ဒိုက်တို့က အန်ဖီးလ်မှာ နောက်ထပ်နှစ်နှစ်ကြာဆက်နေဖို့ ပြီးခဲ့တဲ့လအတွင်း သဘောတူပြီးနောက် သူတို့နှစ်ဦးအနာဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးပေးမှုများစွာကို အဆုံးသတ်စေခဲ့ပါတယ်။

အလားတူ အာနိုးလ်ကလည်း သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းမှထွက်ခွာမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ အတည်ပြုကြေညာခဲ့ပါတယ်။ နောက်ခံလူအနေဖြင့် လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားလိမ့်မယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အန်ဖီးလ်မှာ အာဆင်နယ်နဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း အသက်-၂၆ နှစ်အရွယ်ကစားသမားလူစားဝင်လာချိန် အော်ဟစ်ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ကတော့ သူ့ရဲ့စာချုပ်သက်တမ်းအခြေအနေဟာ သူ့အသင်းဖော်ရဲ့စာချုပ်သက်တမ်းအခြေအနေနဲ့ ကွဲပြားခြားနားပါတယ်လို့ အတိအလင်းဝန်ခံခဲ့ပါတယ်။

ပွဲစဉ်အပြီး ဗန်ဒိုက်က “ လူတိုင်းမှာ သူတို့ရဲ့ကစားသမားဘဝနဲ့ပတ်သက်လို့ မတူညီတဲ့အတွေးအမြင်ယူဆချက်တွေ ရှိကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့၊ မိုဆာလက်တို့ရဲ့အခြေအနေကို အာနိုးလ်ရဲ့ဆုံးဖြတ်ချက်နဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ ကျွန်တော်ကတော့ ကလပ်အသင်းနဲ့ အဆုံးသတ်သဘောတူညီမှုတစ်ခု ရရှိခဲ့လို့ အလွန်ပျော်ရွှင်မိပါတယ်။

ကျွန်တော်တို့၊ မိုဆာလက်တို့ကို သက်တမ်းတိုးခဲ့တဲ့ကိစ္စဆိုတာ လီဗာပူးအသင်းလုပ်လေ့လုပ်ထရှိတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ စာချုပ်သက်တမ်းတိုးမြှုင့်လိုက်ပြီလို့ ကြေညာချိန် ကျွန်တော် အရမ်းပျော်ရွှင်ဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက် လီဗာပူးမှတပါး အခြားမရှိလို့ပါပဲ။

လူတိုင်းကတော့ မတူညီတဲ့အမြင်တွေကို မျှဝေကြပါတယ်။ အာနိုးလ်လည်း သူလုပ်စရာရှိတာ လုပ်ပြီးပြီလို့ ခံစားမိပြီး အခြားမတူညီတဲ့အရာတစ်ခုခုကို ကြိုးစားကြည့်ချင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ သူ ရီးရဲလ်မက်ဒရစ်လို အကြီးကျယ်ဆုံးကလပ်အသင်းတစ်ခုဆီ ရောက်ရှိသွားနိုင်တယ်လို့ ခင်ဗျားတို့ကိုယ်တိုင်လည်း ပြောနေကြတာပဲ။ ကျွန်တော် သတင်းမီဒီယာတွေထဲမှာ ဖတ်ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကတော့ ချပြီးသွားပါပြီ။

အာနိုးလ်ဆိုတာ အသင်းလူစာရင်းမှာ ကြီးကျယ်ခမ်းနားတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒီဘက်နှစ်ပိုင်းတွေအတွင်း အလွန်အရေးပါတဲ့အခိုက်အတန့်တွေကို လုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်ကစားသမားတစ်ဦးဆိုတာ ကျွန်တော်တို့အားလုံး လက်ခံထားကြပါတယ်”လို့ ပြောပါတယ်။

အာနိုးလ်အပေါ် တုံ့ပြန်မှုကြောင့် လီဗာပူးအသင်းရဲ့အမှတ်ပေးဖလားအောင်ပွဲခံမှုကို ထိခိုက်သွားစေမလားဆိုတဲ့ မေးခွန်းကို ဗန်ဒိုက်က “ သူနဲ့ သူ့မိသားစုအတွက် အာနိုးလ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ဘယ်လိုခံစားချက်မျိုး ရှိရမလဲဆိုပြီး လူတိုင်းအပေါ် ကျွန်တော်တို့ လိုက်ဆုံးဖြတ်ပေးလို့မရဘူးဆိုတာ နည်းပြက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီးပြီလို့ ထင်ပါတယ်။ တုံ့ပြန်မှုတွေလည်း ရှိလာခဲ့ပြီးပါပြီ။ အာနိုးလ်လည်း ဒါကို ကိုင်တွယ်သွားနိုင်ရပါမယ်။

စကားမစပ်…ကျွန်တော်တို့ကလည်း အသင်းတစ်ခုအဖြစ် ဒါကို ကိုင်တွယ်သွားနိုင်ရပါမယ်။ ဒါပေမယ့် အခုလိုမျိုး ကြုံတွေ့ရနိုင်တယ်ဆိုတာ အာနိုးလ်တွေးခဲ့ပြီးပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ နှစ်ပွဲကစားရဖို့ ကျန်နေသေးပြီး ဒါပြီးရင်တော့ လမ်းခွဲသွားရပါလိမ့်မယ်။ သူလည်း တနေရာဆီ ထွက်ခွာသွားပါလိမ့်မယ်။

ကျွန်တော်တို့တွေ လက်ကျန်ပွဲစဉ်နှစ်ခုလုံးကို အနိုင်ရရှိချင်ပါတယ်။ ပွဲပြီးချိန်ကျရင်တော့ အာနိုးလ်အပါအဝင် ကျွန်တော်တို့အားလုံး ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ပုံစံမျိုးနဲ့ ဆုဖလားကိုင်မြှောက်ကာ အောင်ပွဲခံသွားပါမယ်။ အာနိုးလ်ရဲ့ထွက်ခွာမှုက ဒီအောင်ပွဲခံမှုကို လွှမ်းမိုးသွားလိမ့်မယ်လို့ မထင်ပါဘူး။ ဒီနေရာမှာ အံ့ဖွယ်နေ့ရက်တစ်ခုနဲ့ ထိုက်တန်မှုအပြည့်ရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ အာနိုးလ်ရဲ့ထွက်ခွာမှုကြောင့် အောင်ပွဲခံမှုကို အရိပ်မည်းမဖြစ်စေပါဘူး။ ဒါပါပဲ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။