ယူနိုက်တက်ကနေ ထွက်ခွာကြောင်း အတည်ပြုလာတဲ့ ဗန်ဒီဘိခ်
ယူနိုက်တက်ကွင်းလယ်လူဟောင်း ဗန်ဒီဘိခ်တစ်ယောက် အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
ဗန်ဒီဘိခ်ဟာ ၂၀၂၀ စက်တင်ဘာတုန်းက အေဂျက်ကနေ ယူနိုက်တက်အသင်းထံ ပေါင် ၃၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သားဟာ ယူနိုက်တက်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၁၉ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
စွမ်းဆောင်ရည် နဲ့ ကြံ့ခိုင်မှုပိုင်း ရုန်းကန်ခဲ့ရတဲ့ ဗန်ဒီဘိခ်တစ်ယောက် ၂၀၂၁ - ၂၂ ရာသီတုန်းက အဲဗာတန်အသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။ အဲဗာတန်မှာလည်း ဗန်ဒီဘိခ်တစ်ယောက် ပေါင်ဒဏ်ရာကြောင့် ရာသီပိတ်နောက်ဆုံးနေ့မတိုင်ခင်အထိ အနားယူခဲ့ရပါတယ်။
ယူနိုက်တက်ကိုပြန်လာချိန်မှာ ဆရာဖြစ်သူ တန်ဟက်နဲ့ပြန်လည် ဆုံဆည်းခဲ့ပြီး ကစားသမားဘ၀ ပြန်လည်စတင်နိုင်မယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ နယ်သာလန်သားဟာ တန်ဟက်ရဲ့နည်းစနစ်မှာ အံမဝင်ခဲ့ပဲ ဖရန့်ဖတ်အသင်းထံ ထပ်မံအငှားထွက်ကစားခဲ့ရပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ဗန်ဒီဘိခ်တစ်ယောက် အင်စတာဂရမ်ကနေ ယူနိုက်တက်အသင်းကို နှုတ်ဆက်စကားဆိုလာခဲ့ပါတယ်။ “ချစ်ရသော ယူနိုက်တက်မိသားစုဝင်တွေရေ ဒီနေ့ကတော့ အသင်းနဲ့ကျွန်တော်တို့ လမ်းခွဲတဲ့နေ့ဖြစ်လာပါတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ကိုအားပေးခဲ့ကြတဲ့ခင်ဗျားတို့ကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်အသင်းကိုစရောက်ကတည်းက အရမ်းများပြားတဲ့ကြိုဆိုမှုတွေရခဲ့ပါတယ်။ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီနှစ်တွေမှာမမေ့နိုင်စရာက ပရိသတ်တွေရဲ့အားပေးမှုပါ။ ဘောလုံးအပြင် ကျွန်တော့်ကလေး ၂ ယောက်ကလည်း မန်ချက်စတာမှာမွေးဖွားခဲ့တာဖြစ်ပြီး ဒီနေရာက ကျွန်တော်တို့ နှလုံးသားထဲမှာ အထူးနေရာအဖြစ် အမြဲတမ်းရှိနေမှာပါ။ အားလုံးကံကောင်းပါစေ။ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံကြပါမယ်”လို့ ဗန်ဒီဘိခ်က နှုတ်ဆက်ခဲ့ပါတယ်။
ဗန်ဒီဘိခ်ဟာ လာလီဂါကလပ် ဂီရိုနာအသင်းထံ ယူရို ၅ သိန်းနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး ယူနိုက်တက်အတွက် အရှုံးပြခဲ့ပေမယ့် ရိုမာနိုကတော့ ယူနိုက်တက်အနေနဲ့ အားလုံးပေါင်း ယူရို ၄ သန်းလောက်အထိ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဗန်ဒီဘိခ်ကတော့ ယူနိုက်တက်အသင်းမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဂီရိုနာမှာ ကစားသမားဘ၀ ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
အေဂျက်စတားဟောင်းဟာ ဥရောပရဲ့အထွန်းတောက်ဆုံး လူငယ်ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဂီရိုနာအသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပြီး ယခင်ပုံစံကောင်းတွေပြန်လည်ရှာဖွေနိုင်ဖို့ မျှော်လင့်နေပါတယ်။