ဆွစ်ဇာလန်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆေးနွေးမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွင်း ဆွစ်ဇာလန်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ ဘိုလော့ဂ်နာရဲ့ စွယ်စုံရတောင်ပံကစားသမား ဒန်အန်ဒိုရေးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဆွစ်ဇာလန်ကလပ် ဘေဆယ်ကနေ ဘိုလော့ဂ်နာသို့ ပြောင်းရွှေ့ကြေး ပေါင် ၇.၆ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဆောင်းရာသီကာလအတွင်း ၆ ပတ်ကြာအနားယူခဲ့ရပြီး သူ့ရဲ့ပထမဆုံးစီးရီးအေရာသီမှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။
လက်ရှိအချိန်မှာတော့ တောင်ပံကစားသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ဆွစ်ဇာလန်အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံထားရပြီး အုပ်စုအဆင့် ပွဲစဉ် ၃ ပွဲစလုံးမှာ ခြေစွမ်းပြကစားထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာမနီကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ အန်ဒိုရေးဟာ ဆွစ်ဇာလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး လာမယ့် စနေနေ့မှာတော့ ရှုံးထွက် ၁၆ သင်းအဆင့် အီတလီနဲ့ပွဲစဉ်မှာ ထပ်မံခြေစွမ်းပြဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။
အီတလီသတင်းတွေအရ ယူနိုက်တက်ဟာ အန်ဒိုရေးရဲ့ ခြေစွမ်းကို ယူရိုပြိုင်ပွဲမှသာ စတင်သတိထားမိခဲ့တာဖြစ်ပြီး ဂျာမနီနဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်သာမက အင်တာမီလန်ကလည်း ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တဲ့ ဒန်ဇယ်ဒမ်ဖရိုင်းစ်ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားရှာဖွေနေပြီး လတ်တလောမှာတော့ အန်ဒိုရေးကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ လီဂူးဝမ်းကလပ် နိုက်စ်မှာ ၂ ရာသီကြာ နေထိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့လည်း ရင်းနှီးပြီးသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အန်ဒိုရေးက “ဘောလုံးမှာ အဖြစ်အပျက်တွေက အရမ်းမြန်ဆန်ပါတယ်။ တစ်ရက်မှာအမြင့်ကိုရောက်နေတတ်သလို နောက်တစ်ရက်မှာ အနိမ့်ကိုကျနေတတ်ပါတယ်။ ကျွန်တော်ကတော့ ဒီပုံစံအတိုင်းပဲ ဆက်ကစားချင်ပြီး ဆွစ်ဇာလန်နဲ့အတူ ယူရိုပြိုင်ပွဲမှာ အာရုံစိုက်နေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။