ဇာကီကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာကြယ်ပွင့် ဂျိုရှူးဝါးဇာကီကို ခေါ်ယူဖို့ နီးစပ်နေပြီး ယခုအခါမှာတော့ ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းနဲ့ သဘောတူညီမှုရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက်-၂၃ နှစ်အရွယ် ကစားသမားကို ယူနိုက်တက်က အသည်းအသန်ပစ်မှတ်ထားနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ဇာကီကို ယူနိုက်တက်သာမက အာဆင်နယ်ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဇာကီဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်သော်လည်း အေစီမီလန်ကလည်း ကစားသမားကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြထားပါတယ်။ ဘိုလော့ဂ်နာအနေနဲ့လည်း အသင်းနဲ့ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ကစားသမားကို ဆက်လက်ထိန်းသိမ်းလိုနေတယ်လို့သိရပါတယ်။
အရပ် ၆ ပေ ၄ လက်မရှိတဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ စီးရီးအေ ရာသီမှာ ဘိုလော့ဂ်နာအတွက် စုစုပေါင်း ၃၄ ပွဲကစားပြီး ၁၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် နယ်သာလန်အသင်းရဲ့လူစာရင်းမှာလည်း ရွေးချယ်ခြင်းခံထားရတာဖြစ်ပါတယ်။
အာဆင်နယ်က ဘင်ဂျမင်ဆက်စ်ကို ကိုခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားက လိုက်ပ်ဇစ်နဲ့သာ ဆက်လက်နေထိုင်လိုနေပြီး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာကြောင့် အာတီတာရဲ့အသင်းဟာ ဇာကီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့စိတ်အားထက်သန်နေပြီး ဒီကလန်ရိုက်စ်နဲ့ ရေရှည်လက်တွဲနိုင်မယ့် ကစားသမားမျိုးကို ရှာဖွေနေတာဖြစ်ပါတယ်။ ဒါကြောင့် လတ်တလောမှာတော့ ဇာကီကို ခေါ်ယူဖို့ရေပန်းအစားဆုံး အသင်းကတော့ အဲရစ်တန်ဟက်ရဲ့ယူနိုက်တက် ဖြစ်နေဆဲဖြစ်ပါတယ်။