နူအာရဲ့အနီကတ်နဲ့အတူ ရှုံးပွဲကြုံတွေ့ပြီး ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရလို့ ဆုဖလား ၁ လုံးလက်လွှတ်ဆုံးရှုံးသွားရပြန်ပြီဖြစ်တဲ့ ဟယ်ရီကိန်း
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန်ပိုကယ်ဖလားပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ အသင်းရဲ့ဂိုးသမား မန်နူရယ်နူအာနဲ့ အနီကတ်ပြစ်ဒဏ်နဲ့အတူ လေဗာကူဆင်ကို ၀-၁ နဲ့အရေးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက် ဆုဖလား ၁ လုံးဆွတ်ခူးနိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားရပြန်ပါတယ်။
ပေါင်ဒဏ်ရာရရှိထားတဲ့ ဟယ်ရီကိန်းဟာ ယခုပွဲစဉ်ကို လွဲချော်ခဲ့တာကြောင့် နည်းပြဗင်းဆင့်ကွန်ပနီဟာ ယာမယ်လ်မူစီယာလာကို နံပါတ် ၉ နေရာမှာ ကစားစေခဲ့ပြီး မိုက်ကယ်အိုလီဆီကို နောက်ချန်တိုက်စစ်မှူးအဖြစ် နေရာချခဲ့ပါတယ်။ အိမ်ကွင်းအားသာချက်နဲ့အတူ ဘိုင်ယန်မြူးနစ်ဟာ ပွဲအစမှာ လေဗာကူဆင်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် လေဗာကူဆင်ကပဲ အခွင့်အရေးကောင်းတွေပိုမိုဖန်တီးနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၁ မိနစ်မှာပဲ ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။
ထို့နောက် ပွဲကစားချိန် ၁၇ မိနစ်အရောက်မှာတော့ ဂိုးသမား နူအာဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးကြိမ် အနီကတ်ပြစ်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ်တို့ အခက်ကြုံခဲ့ရပြီး လီရွိုင်းဆာနေးကို ထုတ်ပယ်ကာ ဂိုးသမား ဒန်နီရယ်ပါရက်ဇ်ကို အစားထိုးထည့်သွင်းခဲ့ရပါတော့တယ်။ ၁ ယောက်လျော့အခြေအနေနဲ့ ကစားခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ဟာ လေဗာကူဆင်ကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့သေးပေမယ့် အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိလို့ ၀-၁ ဆိုတဲ့ရလဒ်နဲ့ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
လေဗာကူဆင်အတွက် တစ်လုံးတည်းသောအဖိုးတန်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၆၉ မိနစ်မှာ တောင်ပံကစားသမား ဂရီမယ်ဒိုရဲ့ပေးပို့မှုမှတစ်ဆင့် လူစားဝင်ကစားသမား တယ်လာက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပြီးနောက်ပိုင်းမှာ ကွန်ပနီက လူစားလဲမှုတွေပြုလုပ်ပြီး ချေပဂိုးပြန်လည်ရရှိဖို့ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့တာကြောင့် ၀-၁ နဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။
ယခုပွဲစဉ်မှာ နူအာတစ်ယောက် အနီကတ်ပြသခံခဲ့ရပေမယ့် ဂိုးဧရိယာအပြင်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်လို့ ပင်နယ်တီတော့ ခွင့်ပြုခဲ့ရခြင်းမရှိပါဘူး။သို့သော်လည်း ဒဏ်ရာရနေတဲ့ ဟယ်ရီကိန်းတစ်ယောက်ကတော့ အသင်းရဲ့ ရှုံးပွဲကို ကွင်းအပြင်ကနေသာ ကြည့်ရှုခွင့်ရခဲ့ပြီး ကူညီဖို့မတတ်နိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့အတူ ဆုဖလား ၁ လုံးကို လက်လွတ်ခဲ့ရပြီဖြစ်ပါတယ်။
လာမယ့်စနေနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဟိုက်ဒင်ဟိမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒဏ်ရာရနေတဲ့ ကိန်းကတော့ ပြန်လည်ကစားနိုင်ခြင်းမရှိသေးလို့ အဆိုပါပွဲစဉ်ကိုလည်း ထပ်မံလွဲချော်သွားဦးမှာဖြစ်ပါတယ်။