
ခံစစ်ပိုင်းဒဏ်ရာအကြပ်အတည်းများကြောင့် လာမယ့်ဇန်နဝါရီမှာ တိုဒီဘိုကို ခေါ်ယူနိုင်ဖို့စီစဉ်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ခံစစ်ပိုင်း ဒဏ်ရာပြဿနာအကြပ်အတည်းများကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းရဲ့ နောက်ခံလူ ဂျင်ကလဲယား တိုဒီဘိုကိုခေါ်ယူနိုင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။
အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ ယူနိုက်တက်ဟာ ဗဟိုခံစစ်နေရာမှာ အားဖြည့်ရန် ဈေးကွက်အတွင်း အလားအလာရှိတဲ့ကစားသမားတွေကိုရှာဖွေနေပြီး ၂၀၂၄ ခုနှစ်အစမှာပဲ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ ကြိုးစားတော့မယ်လို့သိရှိရပါတယ်။ မကြာသေးမီက ကြုံတွေ့ခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဆာဂျီယိုရီဂူလွန်တို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ယခုအခါ ယူနိုက်တက်ရဲ့ လုပ်ငန်းစဉ်ဟာ ပိုမိုမြန်ဆန်လာခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီမက်ဂွါရီက စာချုပ်သက်တမ်းကျန်ရှိနေသေးတာကြောင့် အခြေအနေများရှုပ်ထွေးနေဆဲဖြစ်ပြီး တကယ်လို့ ၎င်းကိုသာ ရောင်းချနိုင်ခဲ့မယ်ဆိုပါက ယူနိုက်တက်အနေနဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ဘဏ္ဍာငွေ ရရှိနိုင်တာဖြစ်ပါတယ်။ ကစားသမားရောင်းချနိုင်ခြင်းမရှိပါက ယူနိုက်တက်အနေနဲ့ ကစားသမားသစ်ခေါ်ယူနိုင်ရေးကို နောက်နှစ် နွေရာသီအပြောင်းအရွှေ့ကာလအထိ စောင့်ဆိုင်းသွားရဖို့ရှိနေပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမား တိုဒီဘိုဟာ ရာသီအစကတည်းက နိုက်စ်မှာ အထင်ကြီးလောက်စရာခြေစွမ်းတွေကို ပြသထားနိုင်ပြီး အသင်းရဲ့ ထိပ်တန်းဦးစားပေး ကစားသမားအဖြစ် နေရာပေးခြင်းခံထားရတာဖြစ်ပါတယ်။ ယခုအခါ ယူနိုက်တက်က အဆိုပါပြင်သစ်နောက်ခံလူအပြင် လေဗာကူဆင်နောက်ခံလူ အက်ဒ်မွန်တပ်ဆိုဘာ ကိုလည်း ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ သို့သော်လည်း တပ်ဆိုဘာဟာ မကြာသေးမီကပဲ လေဗာကူဆင်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတာကြောင့် ဂျာမန်ကလပ်အနေနဲ့ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများကို ဆုံးဖြတ်ပိုင်ခွင့် အခိုင်အမာရရှိထားတာဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ရဲ့ကင်းထောက်တွေက ဘင်ဖီကာနောက်ခံလူ အန်တိုနီယိုဆေးလ်ဗားရဲ့ တိုးတက်မှုကိုလည်း စောင့်ကြည့်နေပြီး နောက်ခံလူဟာ ဘင်ဖီကာနည်းပြ ရော်ဂျာရှမစ်ရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အသက်-၁၉ နှစ်အရွယ် လူငယ်ကြယ်ပွင့်ဟာ အထင်ကြီးလောက်စရာခြေစွမ်းတွေကိုပြသထားနိုင်တာကြောင့် ဥရောပကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံနေရသူလည်းဖြစ်ပါတယ်။
ယနေ့မှာယှဉ်ပြိုင်မယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွက် တန်ဟက်ဟာ အသင်းရဲ့ခံစစ်ပိုင်းပြဿနာကိုဖြေရှင်းရန် လိုအပ်နေပြီး ၎င်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ လုခ်ရှော၊ မာလာစီယာနဲ့ ရီဂူလွန်တို့ဒဏ်ရာရရှိနေတာကြောင့် ကစားသမားသစ် ဆိုဖီယန်အမ်မရာဘတ်ကို ဘယ်နောက်ခံနေရာမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာတော့ နောက်ခံလူ ရာဖေးလ်ဗာရာနီနဲ့အတူ ဗစ်တာလင်ဒီလော့ဖ်က ယူနိုက်တက်ရဲ့ ဗဟိုခံစစ်နေရာမှာ ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။