The network connection is lost.

Banner Image

ဗီလာရီးရဲလ် vs ဘာစီလိုနာပွဲစဉ်ကို အမေရိကန်နိုင်ငံမှာကျင်းပဖို့ ယူအီးအက်ဖ်အေခွင့်ပြု

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က အခုဒီဇင်ဘာလအတွင်း အမေရိကန်နိုင်ငံမှာကျင်းပမယ့် လာလီဂါပွဲစဉ်ကို တားမြစ်သွားဖို့ မရှိဘူးလို့ အတည်ပြုကြေညာခဲ့ပါတယ်။ အစီအစဉ်အရ ဗီလာရီးရဲလ်က ဒီဇင်ဘာ ၂၀ ရက်၊ မီယာမီရှိ Hard Rock အားကစားကွင်းမှာ ဘာစီလိုနာနဲ့ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ဒီအစီအစဉ်အတွက် ဖီဖာရဲ့အတည်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေပါတယ်။ အဝါရောင်ရေငုပ်သင်္ဘောနဲ့ ကတ္တလန်ဘီလူးကြီးတို့ကတော့ Miami Dolphins ရဲ့အိမ်ကွင်းမှာကစားမယ့် လိဂ်ပွဲစဉ်အတွက် သဘောတူခဲ့ပြီး ဒီအဆိုပြုချက်ကို လာလီဂါအဖွဲ့ချုပ်၊ တော်ဝင်စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့က အတည်ပြုပေးခဲ့ပါတယ်။

နောက်ဆုံးအမှုဆောင်အစည်းအဝေးအပြီး ညှိနှိုင်းရေးကာလကို ယူအီးအက်ဖ်အေကိုယ်တိုင်သတ်မှတ်ပေးခဲ့ပေမဲ့ အဖွဲ့ဝင်အများစုကတော့ ပြည်တွင်းလိဂ်ပွဲစဉ်တွေကို ပြည်ပမှာကစားဖို့အတွက် ဆန္ဒမရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။ တဖက်မှာလည်း စီးရီးအေက ဇန်နဝါရီလအတွင်း ကိုမိုနဲ့ အေစီမီလန်ရင်ဆိုင်ရမယ့်ပွဲစဉ်ကို သြစတြေးလျမှာကစားသွားဖို့ အဆိုပြုထားပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ လက်ရှိစည်းမျဉ်းများအရ အခုလိုတောင်းဆိုမှုတွေကို ငြင်းဆန်သွားနိုင်ဖို့ အကြောင်းပြချက်အနည်းငယ်သာရှိပြီး အကျိုးဆက်အဖြစ် စိတ်မပါလက်မပါ ခွင့်ပြုပေးခဲ့တယ်လို့ ရှင်းပြပါတယ်။

ဒါပေမဲ့ ယူအီးအက်ဖ်အေက အခုလိုပွဲစဉ်တွေကို စံနမူနာအဖြစ် မမှတ်ယူသင့်ဘဲ နောက်ပိုင်းမှာ အခုလိုအဆိုပြုချက်တွေကို တားဆီးနိုင်မယ့်စည်းမျဉ်းတွေ ချမှတ်သွားရလိမ့်မယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး အခုကိစ္စကို လွှဲပြောင်းရယူရမယ့် ဖီဖာရဲ့သဘောထား ဘယ်လိုရှိမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူအီးအက်ဖ်အေရဲ့သတင်းထုတ်ပြန်ချက်မှာ ဥက္ကဋ္ဌစီဖာရင်က ပြည်တွင်းလိဂ်ပွဲစဉ်တွေကို အခြေစိုက်ရာနိုင်ငံမှာသာ ကျင်းပရန် ခွင့်ပြုသွားမယ်ဆိုတဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသွားပါတယ်။ စီဖာရင်က “ လိဂ်ပွဲစဉ်တွေကို မိခင်နိုင်ငံအတွင်းမှာပဲ ကျင်းပသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရပ်ခြားမှာကျင်းပခြင်းကြောင့် အမြဲတစေသစ္စာရှိပရိသတ်တွေကို အခက်အခဲဖြစ်စေနိုင်သလို ပြိုင်ပွဲအတွက် ပုံပျက်သွားစေမယ့် အချက်အလက်တွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေမှာလည်း ဒီစိုးရိမ်မှုရဲ့သက်ရောက်အားကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီလိုထိလွယ်ရှလွယ်ကိစ္စရပ်တစ်ခုမှာ အဖွဲ့ဝင် ၅၅ နိုင်ငံရဲ့ အပြုသဘောဆောင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ဆက်ဆံရေးအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

အခုလိုမျိုး နှစ်ပွဲတိတိကစားသွားဖို့ရှိနေတာ ဝမ်းနည်းစရာကောင်းသလို ဒီဆုံးဖြတ်ချက်ဟာ ခြွင်းချက်သာဖြစ်ပြီး စံနမူနာအဖြစ် မရှုမြင်စေချင်ပါဘူး။ ကျွန်တော်တို့ရဲ့ကတိကဝတ်ကတော့ ပြည်တွင်းလိဂ်တွေရဲ့ခိုင်မာမှုကို ကာကွယ်ပေးသွားဖို့နဲ့ ပြည်တွင်းအသိုင်းအဝိုင်းမှာပဲ ဘောလုံးကို ခိုင်မာမြဲမြံစွာဆက်ရှိနေစေဖို့ဆိုတာ ရှင်းလင်းလွန်းပါတယ်”လို့ ပြောပါတယ်။ လတ်တလောမှာ ဗီလာရီးရဲလ် vs ဘာစီလိုနာပွဲစဉ်မတိုင်ခင် ဖီဖာရဲ့ခွင့်ပြုချက်ရရှိဖို့ပဲ လိုအပ်ပါတော့တယ်။