
ဘိုင်ယန်ကနေ အထုတ်ခံရမှာကို စိုးရိမ်မှုမရှိကြောင်း နည်းပြတူချယ် အခိုင်အမာဆို
လာဇီယိုကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့သလို ဘိုင်ယန်မှာ ရုန်းကန်နေရတယ်ဆိုတဲ့အကြောင်း နည်းပြ တူချယ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဘိုင်ယန်ဟာ လာဇီယိုကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဘိုင်ယန်ဟာ ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်သာ ရှိခဲ့သလို လေဗာကူဆင်ကို အရေးနိမ့်ခဲ့တဲ့ပွဲတုန်းကလည်း ဂိုးပေါက်တည့်ကန်ချက်မရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအနေအထားတွေကြောင့် တူချယ်ဟာ ဖိအားတွေများလာနေတယ်လို့ သိရပါတယ်။ အလွန်ဆိုကို တူချယ်နေရာမှာ အစားထိုးဖို့ သတင်းထွက်နေပြီး ဘိုင်ယန်အနေနဲ့ အလွန်ဆိုကိုခေါ်ယူဖို့ လီဗာပူးနဲ့အားပြိုင်ရဖွယ်ရှိနေပါတယ်။
ဒါပေမယ့် ဘိုင်ယန်ဒါရိုက်တာ ခရစ္စတိုဖာဖရူနန်ကတော့ တူချယ်ကို ဆက်ထောက်ခံတယ်လို့ ပြောကြားထားပါတယ်။ “ဒါပေ့ါ။ တူချယ်တစ်ယောက် အခုအခြေအနေနဲ့ ရုန်းကန်နေရပါတယ်။ အဲ့တာက အားလုံးအတွက် ခက်ခဲတာပါ။ ကျွန်တော်တို့ပစ်မှတ်က အတူတူတိုက်ပွဲဝင်ဖို့ပါ။ ကျွန်တော်တို့ တစ်လှေတည်းစီးနေတာပါ။ အတူတူလုပ်ဆောင်နေကြတာပါ”လို့ ဖရူနန်က ပြောကြားခဲ့ပါတယ်။
လာဇီယိုကို အရေးနိမ့်ခဲ့အပြီးမှာလည်း တူချယ်က နည်းပြနေရာအတွက် မစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “နိုး။ ကျွန်တော်အထုတ်ခံရမှာကို မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ ဒီပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် အရာအားလုံးလုပ်ဆောင်ခဲ့ပါတယ်။ အဲ့တာက ကျွန်တော်တို့လက်ထဲမှာပါ။ သေချာတာက ကျွန်တော်တို့ ယုံကြည်မှုကို ရပ်တန့်ခဲ့ပါတယ်။ ဘာကြောင့်လဲ စဉ်းစားမရပါဘူး။ တစ်ဦးချင်းအမှားတွေလည်း များခဲ့ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။