စပိန်အသင်းထက် ခဗာရက်စ်ခီလီယာ ပိုကောင်းတယ်လို့ ဆိုလာတဲ့ ဂျော်ဂျီယာဂိုးသမား မာမာဒါရှီဗီလီ
ဂျော်ဂျီယာကြယ်ပွင့် မာမာဒါရှီဗီလီက နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့် ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် စပိန်အသင်းတစ်ခုလုံးထက် လက်ရွေးစင်အသင်းဖော် ခဗာရက်စ်ခီလီယာ ပိုကောင်းပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် စပိန်နဲ့ဂျော်ဂျီယာတို့ ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ဂိုးသမားမာမာဒါရှီဗီလီက လက်ရွေးစင်အသင်းဖော်နဲ့ နာပိုလီတောင်ပံကစားသမား ခဗာရက်စ်ခီလီယာအကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။
အသက်-၂၃ နှစ်အရွယ် တောင်ပံကစားသမားက ပေါ်တူဂီကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အုပ်စုအပိတ်ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့ပါတယ်။ ဗလန်စီယာဂိုးသမားကတော့ စပိန်အသင်းရဲ့ အထင်ကြီးလောက်စရာ သမိုင်းကြောင်းမှတ်တမ်းကို သတိထားနေသလို သူ့ရဲ့အသင်းကိုလည်း ယုံကြည်မှုအပြည့်အဝရှိနေပုံရပါတယ်။
စပိန်ပြည်တွင်းသတင်းဌာန Marca နဲ့တွေ့ဆုံချိန် ခဗာရက်စ်ခီလီယာရဲ့ ခြိမ်းခြောက်နိုင်စွမ်းနဲ့ပတ်သက်၍ မာမာဒါရှီဗီလီက “စပိန်လက်ရွေးစင်အသင်းတစ်ခုလုံးထက်တောင် ပိုကောင်းပါသေးတယ်”လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် တီဘီလီစီမြို့ဖွား အသက်-၂၃ နှစ်အရွယ် ဂိုးသမားက သူတို့ရဲ့ပြိုင်ဘက်အပေါ် အထင်အမြင်သေးနေတာမျိုးလည်း မရှိထားပါဘူး။
“ကျွန်တော့်အတွက်တော့ စပိန်က ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ဂျော်ဂျီယာဆိုတာ နိုင်ငံငယ်လေးတစ်ခုပါပဲ။ ဒါပေမယ့် နိုင်ငံ့ချစ်စိတ်နဲ့အတူ ဘာတွေဖြစ်လာမလဲဆိုတာမြင်ရဖို့ တက်နိုင်သမျှအခက်ခဲဆုံးဖြစ်အောင် တိုက်ပွဲဝင်သွားရပါမယ်။ ကျွန်တော်တို့ အနိုင်ရရှိသွားလိမ့်မယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ရမယ့်အရာက နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားဖို့ဖြစ်ပြီး ဘာတွေဖြစ်လာမလဲ စောင့်ကြည့်သွားတာပေါ့”လို့ မာမာဒါရှီဗီလီက ဆိုပါတယ်။
ဂျော်ဂျီယာက ၂၀၂၄ ခုနှစ်အတွင်း သမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဆင်နွှဲခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူတို့တွေက ပြိုင်ဆိုင်ခဲ့ရသမျှ ပွဲစဉ်တိုင်းမှာ ကောင်းမွန်တဲ့သမိုင်းမှတ်တမ်းရေးထိုးနိုင်အောင် ထပ်မံစွမ်းဆောင်နိုင်ခဲ့ပါတယ်။
သမိုင်းကြောင်းတလျှောက် သူတို့အသင်းရဲ့ ပထမဆုံးယူရိုသွင်းဂိုးရရှိမှုမှစ၍ ပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်တက်ရောက်နိုင်အောင်အထိ စွမ်းဆောင်ထားနိုင်ပါတယ်။ အခုတော့ ဂျော်ဂျီယာသားတွေက စပိန်နဲ့ရင်ဆိုင်ရမယ့် သူတို့သမိုင်းကြောင်းတလျှောက် အကြီးကျယ်ဆုံးပွဲစဉ်ကို ဆင်နွှဲဖို့ ပြင်ဆင်နေပါတယ်။
မာမာဒါရှီဗီလီနဲ့ ခဗာရက်စ်ခီလီယာတို့ရဲ့ဂျော်ဂျီယာလက်ရွေးစင်အသင်းက လာမယ့်တနင်္ဂနွေနေ့၊ ကိုလုံးမြို့မှာ စပိန်အသင်းကို နောက်ကောက်ချနိုင်မယ်ဆိုရင် လာမယ့်ဇူလိုင် ၅ ရက်၊ စတုဂတ်မြို့မှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်ဂျာမနီ (သို့မဟုတ်) ဒိန်းမတ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရပါလိမ့်မယ်။