The network connection is lost.

Banner Image

ပွဲပန်းမှုကို အကြောင်းပြချက်မပေးနိုင်ကြောင်း ပြောကြားလာတဲ့ ထရစ်ပီယာ

အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ကီရန်ထရစ်ပီယာက အသင်းရဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ပွဲပန်းမှုကို အကြောင်းပြချက်အဖြစ်အသုံးမပြုနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့ အသင်းဟာ အင်္ဂလန်နိုင်ငံရဲ့ ၅၈ နှစ်ကြာ ဖလားမိုးခေါင်မှုကို အဆုံးသတ်ဖို့ အနီးစပ်ဆုံးအခွင့်အရေးရခဲ့ပေမယ့် ဘာလင်မှာ စပိန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ စပိန်ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ဆောက်ဂိတ်က အင်္ဂလန်ကစားသမားတွေဟာ ပြိုင်ပွဲအတွင်း ပွဲစဉ်တွေဆက်တိုက် ကစားခဲ့ရတာကြောင့် ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှုအပြည့်အဝမရှိတဲ့အကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

သို့သော်လည်း အင်္ဂလန်ရဲ့ပွဲစဉ် ၇ ပွဲမှာ ၆ ပွဲအထိ ပွဲထွက်ပါဝင်ကစားခဲ့တဲ့ ထရစ်ပီယာကတော့ ဒါဟာ အကြောင်းပြချက်မဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ နယူးကာဆယ်ကြယ်ပွင့်က “ဒီပွဲမှာကစားခဲ့တဲ့ အသင်းရဲ့အခြေအနေက အဆင်ပြေပါတယ်။ ကျွန်တော်တို့ ပြေးလွှားခဲ့တဲ့ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ပြိုင်ပွဲတစ်လျှောက် အမြင့်ဆုံးတောင်ဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကြံ့ခိုင်မှုကို အကြောင်းပြလို့မရပါဘူး” “သူတို့ ဒုတိယဂိုးရသွားချိန်မှာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ စပိန်လိုအသင်းမျိုးကို နောက်ကနေလိုက်ကစားရတာ တကယ်မလွယ်တဲ့အလုပ်ပါ။ ကျွန်တော်တို့ တတ်နိုင်သလောက် ပေးဆပ်ခဲ့ပေမယ့် အဆုံးမှာတော့ အောင်မြင်မှုနဲ့လွဲချော်ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲအထိ သရေကျခဲ့ပေမယ့် ယူရိုဗိုလ်လုပွဲကိုတော့ ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဆလိုဗေးနီးယား၊ ဒိန်းမတ်တို့နဲ့သရေကျခဲ့တဲ့ပွဲစဉ်တွေမှာတော့ အင်္ဂလန်ဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

ဒါ့အပြင် ၁၆ သင်းအဆင့် ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာလည်း အင်္ဂလန်ဟာ ပွဲပြီးကာနီးမှရရှိခဲ့တဲ့ ဂျုဒ်ဘယ်လင်ဟမ်ရဲ့ချေပဂိုးကြောင့်သာ အသက်ဆက်နိုင်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်မှာလည်း ဆွစ်ဇာလန်ကို ပင်နယ်တီ အဆုံးအဖြတ်ရောက်မှာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အင်္ဂလန်အတွက် စတုတ္ထမြောက်အကြိမ် နိုင်ငံတကာပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့တဲ့ ထရစ်ပီယာက အနာဂတ်မှာ လက်ရွေးစင်အသင်းဟာ ပိုမိုထွန်းတောက်လာမယ့်အကြောင်းကို ပြောကြားခဲ့ပါတယ်။

အသက်-၁၉ နှစ်သာရှိသေးပေမယ့် အင်္ဂလန်အတွက် အရေးပါတဲ့ကစားသမားဖြစ်နေတဲ့ ကိုဘီမိုင်နူး၊ မက်ဂွါရီနေရာကို ပြည့်ပြည့်ဝဝတာဝန်ယူထားနိုင်တဲ့ မာ့ခ်ဂူဟီနဲ့ အသက်-၂၂ နှစ်သာ ရှိသေးပေမယ့် ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကိုးလ်ပယ်မာတို့ဟာ အင်္ဂလန်ရဲ့အနာဂတ်ကို ပုံဖော်ပေးနိုင်မယ်လို့ ထရစ်ပီယာက ယုံကြည်နေတာဖြစ်ပါတယ်။

နောက်ခံလူက “အတွေ့အကြုံမရှိသေးတဲ့ လူငယ်ကစားသမားတွေအနေနဲ့ ဒီပြိုင်ပွဲကနေ အများကြီးသင်ယူနိုင်ပါလိမ့်မယ်။ သူတို့က ဒီပြိုင်ပွဲမှာ အသင်းကို အဓိကနေရာတွေကနေ အကူအညီပေးနိုင်ခဲ့ကြတာပါ။ ဒီကနေ အများကြီးသင်ယူပြီး အနာဂတ်မှာ ပိုမိုတိုးတက်လာကြပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။